မုတ်ဆိတ်ရိတ်ပြီးချိန်မှာ ဖြစ်ပေါ်တက်တဲ့ အရေပြား နီမြန်းယားယံခြင်းကို Razor Burn ဖြစ်တယ်လို့ ခေါ်ပါတယ်။ Razor Burn ဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့ အတိအကျပြောဖို့ ခက်ပါတယ်။ အများဆုံး ဖြစ်တက်တာကတော့ မုတ်ဆိတ်ရိတ်ဓား တစ်ချောင်းတည်းကိုပဲ ထပ်ခါထပ်ခါ အသုံးပြုခြင်း ၊ အရေပြား မျက်နှာပြင်တစ်နေရာတည်းကိုပဲ အလွန်အကျွံရိတ်ခြင်း ၊ မုတ်ဆိတ်ရိတ်ချိန်မှာ Shaving Gel ၊ Cream တွေ အသုံးမပြုခြင်း ၊ အသားအရေကို ယားယံစေတဲ့ Shaving Products တွေ အသုံးပြုခြင်းနဲ့ သေချာအချိန်မပေးပဲ ခပ်မြန်မြန် မုတ်ရိတ်ခြင်း စတဲ့ အချက်တွေကြောင့် Razor Burn ဖြစ်နိုင်ပါတယ်။ Razor Burn ဖြစ်ပြီဆိုရင် ရက်အနည်းငယ်ကြာမြင့်တက်ပြီး ပြင်းထန်ပါက အရေပြား အလွန်အကျွံ နီမြန်းယားယံခြင်းကို ဖြစ်စေတဲ့အပြင် အဖုအပိန့်တွေပါ ထွက်နိုင်ပါတယ်။  ဒီလို မုတ်ဆိတ်ရိတ် ပြီးချိန်မှာ ဖြစ်တက်တဲ့ အရေပြား နီမြန်းယားယံ ခြင်းကို ကုစားနိုင်ဖို့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းကောင်းလေးတွေ ပြောပြပေးချင်ပါတယ်။

(၁) မုတ်ဆိတ်ရပ်ခြင်းကို ခဏရပ်ထားပါ

Photo : Couple of Journeys

Razor Burn ဖြစ်ပြီဆိုရင် သဘာဝအတိုင်း သက်သာစေမယ့် နည်းလမ်းတစ်ခုကတော့ ရက်အနည်းငယ်ကြာအောင် မုတ်ဆိတ်ရိတ်ခြင်းကို ခေတ္တခဏ ရပ်တန့်ထားလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အရေပြားယားယံမှုကို သက်သာပျောက်ကင်းစေဖို့ အချိန်အနည်းငယ်လိုအပ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ၃ ရက်လောက်အတွင်းမှာ သူ့အလိုလို သက်သာသွားတက်ပါတယ်။ ဒီလိုမှမဟုတ်ပဲ နီမြန်းယားယံ ခြင်းတွေက ရက်ရှည်ဆက်ဖြစ်နေမယ်ဆိုရင်တော့ အရေပြားဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှုခံယူဖို့ လိုပါတယ်။

(၂) ရှားစောင်းလက်ပတ် လိမ်းပါ

Photo : OrissaPOST

အရေပြား နီမြန်းယားယံ ခြင်းတွေကို ကုစားနိုင်တဲ့ အကောင်းဆုံး သဘာဝပစ္စည်းတစ်ခုကတော့ ရှားစောင်းလက်ပတ်ပါပဲ။ ရှားစောင်းလက်ပတ်ကို Razor Burn ဖြစ်ခြင်းအတွက် အရေပြားပေါ် တိုက်ရိုက်အသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပတ်ပင်ကရတဲ့ သဘာဝဂျယ်လ်ကို Razor Burn ဖြစ်တဲ့ အရေပြားတဝိုက် အနှံ့လိမ်းပေးပါ။ တစ်နေ့ကို အကြိမ်ပေါင်းများစွာ လိမ်းပေးလို့ရပါတယ်။ ရှားစောင်းလက်ပတ်ဂျယ်လ်ကို  ရေခဲသေတ္တာထဲမှာ အရင်အအေးခံထားပြီးမှ လိမ်းမယ်ဆိုရင် ပိုကောင်းပါတယ်။

(၃) ရေခဲအိတ်ကပ်ပါ

Photo : Healthline

မုတ်ဆိတ်ရိတ်ခြင်းကြောင့် အရေပြား နီမြန်းရောင်ရမ်းပါက ရေခဲအိတ်ကပ်ခြင်းဖြင့်လည်း သက်သာစေနိုင်ပါတယ်။ ရေခဲအိတ် အလွယ်တကူ မရှိရင် အဝတ်သန့်သန့်တစ်ခုကို ရေခဲတုံးအနည်းငယ်ထည့်ပြီး နီမြန်းယားယံတဲ့ အရေပြားတဝိုက်ကို ကပ်ပေးနိုင်ပါတယ်။

(၄) အုန်းဆီလိမ်းပါ

Photo : Verywell Health

အုန်းဆီကို ပိုးသတ်ဆေး ၊ မှိုသတ်ဆေးနဲ့ ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်တဲ့ သဘာဝဆေးတစ်လက်အဖြစ် သုံးနိုင်ပါတယ်။ မုတ်ဆိတ်ရိတ်ပြီးနောက် Razor Burn ဖြစ်တဲ့နေရာကို အုန်းဆီခပ်ပါးပါးလေး လိမ်းပေးပါ။ နီမြန်းယားယံ ခြင်းတွေ သိသိသာသာ သက်သာသွားစေမှာ ဖြစ်ပါတယ်။

(၅) ထောပတ်သီး Mask ကပ်ပါ

Photo : The Produce Moms

ထောပတ်သီးအမှည့်ကို ကျေညှက်အောင်ချေပြီး ရလာတဲ့အနှစ်ကို နီမြန်းယားယံ တဲ့ အရေပြားတဝိုက်မှာ ကပ်ပေးပါ။ ထောပတ်သီးမှာ ပါဝင်တဲ့ သဘာဝအဆီနဲ့ ဗီတာမင် E ဓာတ်က အနာကျက်မြန်စေပြီး အရေပြား ရောင်ရမ်းခြင်းနဲ့ ယားယံခြင်းတွေကို သက်သာစေပါတယ်။

Featured Photo : Healthline