အချိန်နဲ့အမျှ တိုးတက်နေတဲ့ နည်းပညာတွေ ၊ မီးခိုးတလူလူထနေတဲ့ စက်ရုံအလုပ်ရုံတွေ ၊ ဟွန်းသံတညံညံ မြို့ပြရဲ့ လမ်းမတွေကနေ စွန့်ခွာပြီး အေးချမ်းတဲ့ သဘာဝတရားကြီးနဲ့ နီးနီးကပ်ကပ် ချိတ်ဆက်ဖို့ အတွေးတစပေါ်လာနေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့အတွက်ပါပဲ။ တောတွင်းစခန်းချ Camping ထွက်တာဟာ စွန့်စားမှုကို နှစ်သက်သူတို့အတွက် အတွေ့အကြုံကောင်းတွေ ပေးစွမ်းမှာဖြစ်သလို မွန်းကြပ်စရာကောင်းတဲ့ မြို့ပြရဲ့အခိုးအငွေ့တွေကြားက ပျောက်ကွယ်ပြီး စိတ်ရောကိုယ်ပါ အေးချမ်းမှုကို ခံစားရစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Camping ထွက်မယ်ဆိုရင်တော့ ခရီးစဉ်တစ်လျောက် အဆင်ပြေချောမွေ့ဖို့ ၊ ဘေးအန္တရာယ်ကင်းဖို့က အရေးကြီးဆုံးပဲ မဟုတ်လား။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ မြို့ပြကိုစွန့်ခွာ တောတိုးကြတဲ့အခါ ဘာတွေလိုက်နာရမယ့် ဘယ်အချက်တွေဆောင်ရရှောင်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

(၁) တစ်ကိုယ်ရည်သုံး သေတ္တာဆောင်သွားပါ

Camping

Photo : Eureka tents – Johnson Outdoors

တောတွင်းစခန်းချတဲ့အခါ အရေးတကြီး ယူဆောင်သွားဖို့လိုတာက ဆေးဝါးတွေပါပဲ။ ကိုယ်ပုံမှန်သောက်နေကျ ဆေးတွေ ၊ ခရီးလမ်းတစ်လျောက်မှာ လိုရမယ်ရ ဆောင်သွားရမယ့် အကိုက်အခဲပျောက်ဆေး ၊ အစာအိမ်နဲ့ဆိုင်တဲ့ဆေး ၊ ဗီတာမင်အားဆေးတွေ ၊ ဒဏ်ရာအနာတရလိမ်းဆေးတွေ စသည်ဖြင့် စုံစုံလင်လင် ထည့်သွားပါ။ မြို့ပြမှာလို လိုအပ်တဲ့ ဆေးဝါးတွေ အလွယ်တကူမရနိုင်တဲ့အတွက် တစ်ကိုယ်စာကြိုတင်ဆောင်သွားတာ စိတ်ချရပါတယ်။

(၂) ရွက်ဖျင်တဲ အဖြုတ်အတပ် လေ့ကျင့်ထားပါ

Camping

Photo : Switchback Travel

ရွက်ဖျင်တဲ တပ်ဆင်ပုံက လွယ်ပါတယ်။ ကျွမ်းကျင်သူတွေအတွက်တော့ အချိန် ၅ မိနစ်လောက်သာ ကြာတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ကိုယ်ကအခုလို Camping ကိရိယာတွေနဲ့ အထိအတွေ့နည်းသူတစ်ယောက်ဆိုရင် ခရီးမသွားခင်ကတည်းက ကြိုတင်လေ့ကျင့်သွားတာ အကောင်းဆုံးပါပဲ။ တောထဲတောင်ထဲရောက်မှ တိုင်ပတ်မနေအောင် ကြိုတင်လေ့ကျင့် ပြင်ဆင်တဲ့နည်းလမ်းက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

(၃) အစားအစာတွေ ကြိုတင်ပြင်ဆင်ပါ

Camping

Photo : TripSavvy

Camping ထွက်တဲ့အခါ ပျော်ပွဲစားထွက်လာသလိုတော့ စားသောက်ပွဲကြီးတွေ ပြင်ဆင်ဖို့ မလွယ်တာ အမှန်ပါပဲ။ သွားရမယ့် ခရီးအကွာအဝေး ၊ တောတွင်းမှာ နေမယ့်ရက်အတိုင်းအတာ ၊ တာရှည်ခံမှု/မခံမှုပေါ်မူတည်ပြီး အစားအစာတွေကို တွက်ချက်ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ အစာခြောက်တွေ ၊ စည်သွပ်ဗူးတွေနဲ့ ပရိုတင်းဘားလို လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါး သယ်ဆောင်သွားလို့ရမယ့် အစားအစာတွေကို ဦးစားပေး ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

(၄) အိပ်ရာအပိုသယ်သွားပါ

camping

Photo : Thermarest

Sleeping Pads အနည်းဆုံး ၂ ခုလောက် သယ်သွားဖို့လည်း အကြံပေးချင်ပါတယ်။ လေဝင်လေထွက်ကောင်းပြီး သက်တောင့်သက်သာရှိစေမယ့် Sleeping Pads ဖြစ်ဖို့ အရေးကြီးပါတယ်။ တစ်နေ့တာလုံး ခရီးပန်းထားတဲ့အတွက် ညဘက်မှာ ကောင်းကောင်းအနားယူနိုင်မှာသာ ကွီးတို့ရဲ့တောတွင်း စခန်းချခရီးစဉ်က ပိုပျော်စရာကောင်းမှာ ဖြစ်ပါတယ်။ အလားတူ ရာသီဥတု အခြေအနေပေါ်မူတည်ပြီးလည်း မိုးကာ သို့မဟုတ် အနွေးဓာတ်ကောင်းကောင်းပေးနိုင်မယ့် စောင်တွေ သယ်သွားဖို့လည်း အကြံပေးချင်ပါတယ်။

(၅) ကော်ဖီ ထည့်သွားပါ

Photo : Fresh Off the Grid

သဘာဝတရားကြီးနဲ့ ကော်ဖီတစ်ခွက်ရဲ့ပေါင်းစပ်မှုလောက် ပြီးပြည့်စုံတဲ့ အခိုက်အတန့်မရှိနိုင်ပါဘူး။ ဒါကြောင့် ကွီးတို့က ကော်ဖီချစ်သူ ဒါမှမဟုတ် ကော်ဖီသောက်လေ့သိပ်မရှိသူတစ်ယောက်ဆိုရင်တော့ Camping ကော်ဖီ Makers တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ယူသွားဖို့ အကြံပေးချင်ပါတယ်။ ကော်ဖီတစ်ခွက်ဟာ သဘာဝတရားကြီးနဲ့ပေါင်းစပ်လိုက်မှ ဘယ်လောက်အထိ အရသာရှိသွားစေလဲဆိုတာ မျက်မြင်ကိုယ်တွေ့ ခံစားလိုက်ပါ။

Featured Photo : Good Housekeeping