နေ့ရက်တိုင်းက အဆင်ပြေချောမွေ့စွာ ဖြတ်သန်းရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ချို့နေ့တွေဆိုရင် အဆင်မပြေတာ များလွန်းလို့ အသက်ကို ဘယ်လိုရှူမိမှန်းတောင် မသိတဲ့ ရက်တွေ ရှိပါတယ်။ ဒီလို မွန်းကြပ်စရာနေ့တွေမှာ ကိုယ့်ကိုယ်ကိုအကောင်းဆုံး စိတ်သက်သာရာရအောင် နေတတ်ဖို့က အရေးကြီးဆုံးပဲ မဟုတ်လား။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ မွန်းကြပ်စရာ နေ့တွေနဲ့ ကြုံရတိုင်းမှာ စိတ်သက်သာရာ ရစေဖို့ နည်းလမ်းကောင်း တချို့ကို ပြောပြပေးချင်ပါတယ်။

(၁) တိတ်ဆိတ်ငြိမ်းချမ်းမှုကို ရှာပါ

Photo : Eleven Magazine

စိတ်ဖိစီးမှုတွေများပြီး မွန်းကြပ်နေချိန်မှာ တစ်ယောက်တည်း နေတာကလည်း စွမ်းအင်တစ်မျိုးပါပဲ။ ကိုယ့်ရဲ့ Thinking Mode ကို ခဏပိတ်ထားပြီး ဘာမှ မတွေးဘဲနေတာဟာ လိုအပ်တဲ့ ပါဝါတစ်ခု ကိုယ့်အတွင်းထဲက ထုတ်ယူနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်တစ်ယောက်တည်း တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာမှာ ငြိမ်းချမ်းမှုနဲ့ ခဏတာ အချိန်ကုန်ဆုံးလိုက်ပါ။

(၂) အဆိပ်အတောက်ဖြစ်စေသူတွေနဲ့ ဝေးဝေးနေပါ

Photo : Medium

ပတ်ဝန်းမှာ ကိုယ်ရဲ့ စိတ်ကို အဆိပ်အတောက် ဖြစ်စေသူတွေ များစွာရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာအဆင်မပြေချိန်တွေမှာ ဒီလို စိတ်ကိုအဆိပ်ခတ်သူတွေနဲ့ ကင်းအောင်နေသင့်ပါတယ်။ ဒါဟာ စိတ်သက်သာမှု အများကြီးရစေသလို အာရုံနောက်စရာတွေကနေလည်း ကင်းဝေးစေမှာ ဖြစ်ပါတယ်။

(၃) နှိုင်းယှဉ်မှုတွေမလုပ်ပါနဲ့

Photo : Her Way

လူတိုင်းဟာ သူ့ပုံစံနဲ့သူ ထူးခြားသူတွေချည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အများစုရဲ့ ပြဿနာက ကိုယ်တွေ့နေရတဲ့ အခက်အခဲနဲ့ တစ်ခြားသူတွေရဲ့ သက်တောင့်သက်သာ ရှိမှုကို အမြဲ ချိန်ထိုးကြည့်တတ်တာပါပဲ။ လူတွေနဲ့ အရာရာ လိုက်ပြီး နှိုင်းယှဉ်နေမယ်ဆိုရင် ဘယ်တော့မှ မပြီးသလို ဘယ်တော့မှလည်း စိတ်ချမ်းသာစရာ ဖြစ်မှာ မဟုတ်ပါဘူး။ လူတွေနဲ့ တုပနှိုင်းယှဉ်လေလေ ကိုယ့်စွမ်းကိုယ်စမှာ ပိုပြီး ရှုံးလေလေပါပဲ။

(၄) အကြံဉာဏ်တောင်းခံပါ

Photo : Unsplash

ကိုယ့်အခက်အခဲတွေကို မျှဝေနိုင်မယ့် မိတ်ဆွေကောင်းတစ်ယောက် ၊ ဒါမှမဟုတ် ချစ်သူခင်သူတစ်ယောက်ယောက်ကို ကိုယ့်အခြေအနေအကြောင်း ရင်ဖွင့်တာဟာ ထိရောက်တဲ့ကုသမှုမျိုး ဖြစ်ပါတယ်။ စိတ်ထဲမှာ ပြည့်သိပ်တင်းကြပ်နေတဲ့ ခံစားချက်တစ်ခုကို ယုံကြည်ရသူတစ်ယောက်ဆီ ဖွင့်ထုတ်ခြင်းဟာ ပိုဆိုးတဲ့ကိစ္စတွေ မဖြစ်လာအောင် တားဆီးနိုင်ပြီး ရှေ့ဆက်သွားဖို့အတွက်လည်း အားအင်တွေ ဖြစ်စေနိုင်မှာပါ။

Featured Photo : Life Falcon