ကွီး တို့ရဲ့ စိတ်ကျန်းမာရေး သည် ကိုယ်ခန္ဓာကျန်းမာရေးကဲ့သို့ပင် အရေးကြီးတဲ့အရာတစ်ခုဖြစ်ပြီး လျစ်လျူမရှုသင့်တဲ့ အကြောင်းအရင်းပေါင်းများစွာရှိပါတယ်။ စိတ်ရော ကိုယ်ပါ ကျန်းမာလန်းဆန်းနေမှသာလျှင် လုပ်ငန်းဆောင်တာများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပြီး ဘဝကြီးက ပျော်ရွှင်ရမှာဖြစ်ပါတယ်။

ကြောက်ရွံ့နေမယ်ဆိုရင်တော့ ကိုယ့်ရဲ့ခံစားချက်များကို ဖွင့်ဟတိုင်ပင်ဖို့ နှောင့်နှေးတတ်ပြီး အဆုံးသတ်ကျမှ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြတဲ့လူတွေသည် မနည်းမနောပဲဖြစ်ပါတယ်။

တကယ်လို့ သင့်မှာ အခုဖော်ပြမယ့် လက္ခဏာများ ကြုံတွေ့နေရမယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ကျွမ်းကျင်ဆရာဝန်များနှင့် သေချာဆွေးနွေးကုသမှု ခံယူသင့်ပါတယ်။

တစ်ချိန်လုံး စိတ်ညစ်နေပြီး စိတ်ဓာတ်ကျမယ်

ကွီး စိတ်ကျန်းမာရေး

ဘယ်အကြောင်းအရာကြောင့် စိတ်ညစ်လို့ ညစ်မှန်းမသိဖြစ်နေပါသလား။ လက်ဆုပ်လက်ကိုင်ပြစရာ မရှိဘဲ စိတ်ညစ်နေခြင်းသည်လည်း သင့်ရဲ့ စိတ်ကျန်းမာရေးအတွက် မကောင်းပါဘူး။

ကိုယ် နေ့စဉ် ကြုံတွေ့နေရတဲ့ ပြဿနာများ စိတ်ဖိစီးစရာများကို ရင်ဆိုင်မဖြေရှင်းနိုင်ဘူး

ကွီး စိတ်ကျန်းမာရေး

နေ့စဉ်နှင့် အမျှ ကြုံတွေ့နေရတဲ့ လူမှုရေးပြဿနာများ၊ စီးပွားရေး၊ မိသားစုရေး ပြဿနာများကို မဖြေရှင်းနိုင်ဘဲ ဝန်ထုပ်ဝန်ပိုးအကြီးကြီးကို တစ်ယောက်တည်း ထမ်းနေရတယ်လို့ ထင်နေပါသလား။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေများထံ ဖွင့်ဟတိုင်ပင်ပါ။ သင် တစ်ယောက်တည်း ထိုဝန်ထုပ်ဝန်ပိုးများကို ထမ်းနေစရာမလိုဘူးမဟုတ်လား။

စိတ်အပြောင်းအလဲ အတက်အကျ မြန်ဆန်လွန်းခြင်း

ကွီး စိတ်ကျန်းမာရေး

ခဏနေ စိတ်ပျော်ရွှင်သွားလိုက်၊ စက္ကန့်ပိုင်းအတွင်း ဝမ်းနည်းစိတ်၊ ဒေါသထွက်စိတ်၊ ပူပန်သောကစိတ် ဝင်လိုက်နဲ့ စိတ်အပြောင်းအလဲ အတက်အကျ မြန်ဆန်ခြင်းသည်လည်း စိတ်ကျန်းမာရေး အားနည်းနေတဲ့ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။

အရက်နှင့် မူးယစ်ဆေးပြဿနာများ ကြုံတွေ့နေရခြင်း

ကွီး စိတ်ကျန်းမာရေး

စိတ်ကျန်းမာရေး ကောင်းမွန်တဲ့လူတွေကတော့ ဘီယာ၊ ဝီစကီတို့သောက်လည်း ကိုယ့်လစ်မစ်နဲ့ ကိုယ် သောက်သုံးတတ်ကြပေမယ့် စိတ်ကျန်းမာရေး အားနည်းတဲ့သူတွေကတော့ ကိုယ့်လစ်မစ်ကိုယ် မသိဘဲ အလွန်အကျွံ သောက်သုံးမိတာတွေဖြစ်တတ်ပါတယ်။ စိတ်ညစ်လိုက် အရက်သောက်လိုက်၊ အရက်သောက်လိုက် စိတ်ညစ်လိုက်နဲ့ မုန့်လုံးစက္ကူကပ်ကာ ထိုသံသရာစက်ဝန်းထဲက ရုန်းမထွက်နိုင်အောင် ဖြစ်နေပါသလား။

ဒေါသထွက်လွယ်ပြီး အမြဲတစေ ရန်လိုနေခြင်း

ကွီး စိတ်ကျန်းမာရေး

ဘာမဟုတ်တဲ့ အသေးအဖွဲပြဿနာလေးကိုတောင် သည်းမခံနိုင်တော့ဘူး ပစ္စည်းများ ကိုင်ပေါက်ကာ စိတ်ဖြေတတ်နေပါသလား။ ဒီလိုဖြစ်ရပ်မျိုး အမြဲတမ်းဖြစ်နေပြီဆိုရင်တော့ သင့်ရဲ့ စိတ်ကျန်းမာရေးအတွက် အမြန်ဆုံး ကုသမှု ခံယူသင့်ပါပြီ။

မိမိကိုယ်ကို အဆုံးစီရင်မယ့် အတွေးများ အမြဲတစေ တွေးနေခြင်း

mental health

ဒီအချက်ကတော့ အရေးအကြီးဆုံးပါပဲ။ ဒီလိုအတွေးမျိုး တစ်ခါတစ်ရံလေးတောင် မဝင်မိဖို့ အရေးကြီးပါတယ်။ ဒီလိုအတွေးမျိုး ဝင်မိပြီဆိုတာနဲ့ ကိုယ့်ရဲ့ သူငယ်ချင်းများထံ အကူအညီလိုအပ်နေကြောင်း ဖွင့်ဟတိုင်ပင်ပါ။ လိုအပ်ပါက စိတ်ကျန်းမာရေးအတွက် ကုသမှု ခံယူသင့်ပါတယ်။

မျိုးရိုးလိုက်တတ်ခြင်း

mental health

သင့်မိသားစုရဲ့ ကျန်းမာရေးသမိုင်းကြောင်းသည်လည်း သင့်ရဲ့ စိတ်ကျန်းမာရေးအခြေအနေကို ခန်းမှန်းပေးနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ စိတ်ကျရောဂါသည် နှလုံးရောဂါ၊ ကင်ဆာရောဂါများကဲ့သို့ပင် မျိုးရိုးလိုက်တတ်လို့ပဲဖြစ်ပါတယ်။

တကယ်လို့ ကိုယ်က စောစောစီးစီး သိထားမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အချိန်မှီပြန်လည်ကယ်တင်နိုင်ပါတယ်။

လူ့ဘဝဆိုတာ ရခဲလှပါတယ်။ လူတိုင်းမှာ စိတ်ညစ်စရာတွေလည်း တစ်ယောက်နဲ့တစ်ယောက် တစ်မျိုးနဲ့ တစ်မျိုး မတူညီကြပါဘူး။ ကွီး တို့ချစ်ရတဲ့သူတွေသည်လည်း သူတို့ရဲ့ ဝမ်းနည်းမှုကို ဖုံးကွယ်ထားတတ်ပြီး စိတ်ကျန်းမာရေး အားနည်းနေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီလိုပဲ တစ်ယောက်ကို တစ်ယောက် ကူညီဖေးမရင်း ဘဝကို အကောင်းမွန်ဆုံးသာ ဖြတ်သန်းလိုက်ပါ။

မုန်တိုင်းပြီးသွားတဲ့အခါ လေပြေလေညှင်းတွေ ပြန်လည်တိုက်ခတ်မှာဖြစ်ပြီး နေသာတဲ့နေ့ရက်တွေဆို ပြန်လည်ရောက်ရှိလာဦးမှာမို့ ဘဝတိုက်ပွဲကို အဆုံးထိ အနိုင်ယူလိုက်ကြရအောင်။

Source: Mayoclinic

Featured Image: The Confident Man Project