ကားပေါ်တတ်ခါနီးမှ ကားသော့ယူခဲ့ဖို့ သတိရတာမျိုး ဖြစ်တတ်ပါသလား။ ရင်းနှီးနေတဲ့ မိတ်ဆွေဖြစ်ပေမဲ့ ရုတ်တရက် နာမည်မေ့နေပါသလား။ ဒီလိုမေ့တတ်တာမျိုးက ကွီးတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ လူတိုင်းလိုလို မကြာခဏဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေအလုပ်များတာ၊ အာရုံမစိုက်မိတာကြောင့် မေ့တတ်တာမျိုးက ပြဿနာ မဟုတ်ပေမဲ့ အမြဲလိုလို မေ့နေတာမျိုးဆိုရင်တော့ သတိထားဖို့ လိုလာပါပြီ။ စားသောက်နေထိုင်မှုပုံစံ၊ နေ့စဉ်များပြားတဲ့ အလုပ် အချိန်စာရင်းတွေနဲ့ အခြားသော အကြောင်းအရာများကြောင့် မှတ်ဉာဏ်စွမ်းအား လျော့ကျလာတာဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကွီးတို့အတွက် မှတ်ဉာဏ်စွမ်းအား ပိုမိုတိုးတတ်ကောင်းမွန်လာစေဖို့ လိုက်နာကျင့်သုံးရမဲ့ အချက်များ ကို‌ဝေမျှပေးချင်ပါတယ်။

(၁) နေ့စဉ်ပုံမှန်လုပ်ဆောင်မှုတွင် ကိုယ်လက်လှုပ်ရှားမှုကို ထည့်သွင်းပါ

မှတ်ဉာဏ်စွမ်းအား လိုက်နာကျင့်သုံးရမဲ့

Photo : 30 Day Fitness

ကွီးတို့ရဲ့ မှတ်ဉာဏ်စွမ်းအား ကို ပိုမိုတိုးတတ်ကောင်းမွန်လာစေဖို့ လိုက်နာကျင့်သုံးရမဲ့ အချက်တစ်ခုကတော့ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုကို အချိန်ပေးပြီးလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းက ကွီးတို့ရဲ့ ကျန်းမာရေးကို များစွာအထောက်အကူပြုတယ်ဆိုတာ ကွီးတို့သိပြီးသားဖြစ်မှာပါ။ ထို့အပြင် ကိုယ်လက်လက်လှုပ်ရှားမှုဟာ ကွီးတို့ရဲ့  ဦးနှောက်အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ သွေးလည်ပတ်မှုကောင်းခြင်းက ကွီးတို့ရဲ့ မှတ်ဉာဏ်ကို တိုးတတ်အောင် ကူညီပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ အပြည့်အဝ အချိန်မပေးနိုင်ဘူးဆိုရင်တောင် အနည်းဆုံးတစ်နေ့ကို ၁၀ မိနစ်ခန့် လမ်းလျှောက်ဖို့ အကြံပြုထားပါတယ်။

(၂) စိတ်ပိုင်းဆိုင်ရာ တက်ကြွစွာနေပါ

မှတ်ဉာဏ်စွမ်းအား လိုက်နာကျင့်သုံးရမဲ့

Photo : Joe Morrison-Medium

ကိုယ်လက်လှုပ်ရှားမှုက ကွီးတို့ရဲ့ခန္ဓာကိုယ်ကို ကျန်းမာတဲ့ပုံစံပေးစွမ်းနိုင်ရင် စိတ်ပိုင်းဆိုင်ရာ တတ်ကြွစေတဲ့ လှုံ့ဆော်မှုတွေကလည်း ဦးနှောက်အတွက် အထောက်အပံ့ပေးပါတယ်။ တစ်နည်းအားဖြင့် မှတ်ဉာဏ် ဆုံးရှုံးမှုကို ရှောင်ရှားနိုင်ပါတယ်။ ဥပမာ ရပ်ရွာအဖွဲ့အစည်းတွင် စေတနာ့ ဝန်ထမ်းအဖြစ် တတ်ကြွစွာ ပါဝင်ခြင်း၊  ဂီတ တူရိယာများတီးတတ်ဖို့ သင်ယူခြင်း၊ ဦးနှောက်ကို အလုပ်ပေးရသော ဂိမ်းများ၊ ပဟေဠိ ဂိမ်းများကစားခြင်း စသည်တို့ဖြစ်ပါတယ်။ အချို့သော လှုပ်ရှားမှုများသည် စိတ်ပိုင်းဆိုင်ရာ တတ်ကြွစေသည်သာမက ဦးနှောက်ကိုလည်း အလုပ်လုပ်စေခြင်းကြောင့် ဦးနှောက်စွမ်းဆောင်ရည် မြင့်မားလာဖိုအတွက်ပါ အထောက်အကူပြုပါတယ်။

(၃) ကောင်းမွန်သော ပေါင်းသင်းဆက်ဆံရေးများကို တည်ဆောက်ပါ

မှတ်ဉာဏ်စွမ်းအား လိုက်နာကျင့်သုံးရမဲ့

Photo : The Muse

အလုပ်ခွင်မှာသော်လည်းကောင်း၊ မိသားစုအတွင်းမှာသော်လည်းကောင်း၊ မိတ်ဆွေအချင်းချင်းဖြင့်လည်းကောင်း ကောင်းမွန်သော ပေါင်းသင်းဆက်ဆံရေး ရှိဖို့လိုပါတယ်။ ကောင်းမွန်သော လှုမှုဆက်ဆံရေးဟာ ကွီးတို့ကို စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ဖိစီးမှုဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းတို့က မှတ်ဉာဏ်စွမ်းအားကို လျော့ကျစေတဲ့အချက်ထဲမှာ ပါဝင်ပါတယ်။ ကောင်းမွန်သော ပေါင်းသင်းဆက်ဆံရေး ရှိခြင်းက ကွီးတို့ရဲ့ မှတ်ဉာဏ်စွမ်းအားကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနေပါတယ်။

(၄) ကောင်းမွန်စွာ အိပ်စက်အနားယူပါ

မှတ်ဉာဏ်စွမ်းအား လိုက်နာကျင့်သုံးရမဲ့

Photo : The Cold Wire

လူတစ်ယောက် ကျန်းမာဖို့အတွက် ကောင်းမွန်စွာ အိပ်စက်အနားယူဖို့ လိုပါတယ်။ ထို့အတူ မှတ်ဉာဏ်စွမ်းအား ပိုမို တိုးတတ်ကောင်းမွန်လာစေဖို့ လိုက်နာကျင့်သုံးရမဲ့ အချက်တွေထဲမှာ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းမရှိပါက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများအပြင် စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပါတယ်။ ထို့အတူ နေ့စဉ်ရက်ဆက် ကောင်းမွန်စွာ အိပ်စက်ခြင်းမရှိပါက မှတ်ဉာဏ်စွမ်းအားကို ယုတ်လျော့စေတဲ့အပြင် ဦးနှောက်စွမ်းဆောင်ရည်ကိုပါပြင်းထန်စွာ သက်ရောက်စေပါတယ်။ လုံလောက်တဲ့ အိပ်စက်ခြင်းရရှိစေရန် ဦးစားပေးပါ။ အရွယ်ရောက်ပြီးသူအများစုဟာ တစ်နေ့ကို အိပ်ချိန် ခုနစ် နာရီကနေ ရှစ် နာရီအထိ လိုအပ်ပါတယ်။

(၅) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို စားပါ

memory loss

Photo : Free Press Journal

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေက ကွီးတို့ရဲ့ နှလုံးအတွက် ဖြစ်သလို ဦးနှောက်အတွက်လည်း ကောင်းမွန်စေနိုင်ပါတယ်။ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် အစေ့အဆန်များကို ဦးစားပေးပြီး စားသုံးပါ။ အဆီနည်းသော ပရိုတင်းရင်းမြစ်များ ဖြစ်သည့် ငါး၊ ပဲများနှင့် အရေခွံမပါသော ကြက်များကို ရွေးချယ်ပါ။ ကွီးတို့နေ့စဉ် စားသောက်မှုပုံစံကလည်း ကွီးတို့ရဲ့ မှတ်ဉာဏ်စွမ်းအား အပေါ် အထိုက်အလျောက် အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး ကွီးတို့ရဲ့ စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲပါ။ ဦးနှောက်အတွက်သာမက ကွီးတို့ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးကိုပါ များစွာအထောက်အကူပြုတာ တွေ့ရပါလိမ့်မယ်။

(၆) ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါ

memory loss

Photo : Mediacal News Today

မှတ်ဉာဏ်စွမ်းအား ပိုမိုတိုးတတ်ကောင်းမွန်လာစေဖို့ လိုက်နာကျင့်သုံးရမဲ့ အချက်ထဲမှာ ကွီးတို့ကိုယ်တိုင် မိမိရဲ့ ကျန်းမာရေးကို ကိုယ်တိုင်ဂရုစိုက် ဖို့လိုပါတယ်။ အကိုက်အခဲပျောက်ဆေးများကို အများအပြား သောက်ခြင်းကလည်း မှတ်ဉာဏ်စွမ်းအားကို ထိခိုက်စေပါတယ်။ သွေးတိုးခြင်း၊ ကိုလက်စထရောများခြင်း၊ အဝလွန်ခြင်းနှင့် ဆီးချိုရောဂါကဲ့သို့သော ဆေးဘက်ဆိုင်ရာအခြေအနေများအတွက် ဆရာဝန်ရဲ့ အကြံပြုချက်များကို လိုက်နာပါ။ ထို့အပြင် ကွီးတို့ သောက်သုံးနေတဲ့ ဆေးများကို ဆရာဝန်နှင့် ပုံမှန်စစ်ဆေးပါ။ အမျိုးမျိုးသော ဆေးများက  မှတ်ဉာဏ်ကို ထိခိုက်စေပါတယ်။ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်လေ မှတ်ဉာဏ်ပိုကောင်းလေ ပါပဲ။

ကွီးတို့‌ရေ အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ရဲ့ မှတ်ဉာဏ်စွမ်းအား ကို ပိုမိုတိုးတတ်ကောင်းမွန်လာစေဖို့ အတွက် လိုက်နာကျင့်သုံးရမဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။ ဒီအချက်လေးများကို စနစ်တကျ လိုက်နာခြင်းဖြင့် ကွီးတို့ရဲ့ မှတ်ဉာဏ်စွမ်းအား ကိုသာမက ဦးနှောက်စွမ်းဆောင်ရည် နဲ့ ခန္ဓာကိုယ်ကျန်းမာရေး အတွက်ပါ များစွာ အထောက်အကူပြုမှာ အသေအချာပါပဲ။

Source : Mayo Clinic

Featured Photo : Dementia