ဘောလုံးသမားတိုင်းလိုလိုက ဥရောပ ချန်ပီယံလိဂ်လို ပြိုင်ပွဲကြီးမှာ ပါဝင် ကစားဖူးချင်ပါလိမ့်မယ်။ ဒါကြောင့်ပဲ ကိုယ့်ကို ကမ်းလှမ်းလာတဲ့ ကလပ်အသင်းတွေထဲ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတဲ့ အသင်းတွေကို ဦးစားပေး စဉ်းစားတတ်ကြတာ ထုံးစံလိုပါပဲ။ ဒါပေမယ့် ရစ်ချာလီဆန် ရဲ့ ပထမဆုံးသော ချန်ပီယံလိဂ် ခရီးလမ်းကတော့ (၁၆)သင်းအဆင့်မှာပဲ အဆုံးသတ်ခဲ့ရပါတယ်။

samba star

Photo Credit : Goal

ဒီရာသီမှာ အဲဗာတန်ကနေ စပါးအသင်းဆီကို ပြောင်းရွှေ့လာခဲ့တဲ့ ဆမ်ဘာကြယ်ပွင့် ရစ်ချာလီဆန် ဟာ လက်ရှိ အချိန်ထိ စပါးအသင်းအတွက် ပရီးမီးယားလိဂ်ဂိုး တစ်ဂိုးမှကို မသွင်းယူထားနိုင်သေးပေမယ့် သူရဲ့ ပထမဆုံးသော ချန်ပီယံလိဂ် ပွဲစဉ်မှာတော့ သွင်းဂိုး(၂)ဂိုး သွင်းယူနိုင်ခဲ့ပြီး သူရဲ့ သွင်းဂိုးတွေနဲ့ပဲ အသင်းကို နိုင်ပွဲ ရရှိစေခဲ့ပါတယ်။ အဲ့ဒီပွဲ အပါအဝင် အုပ်စုပွဲ (၄)ပွဲဆက်တိုက် line-up ထဲ ပါဝင်ခွင့် ရရှိခဲ့တဲ့ ရစ်ချာလီဆန်က အုပ်စုနောက်ဆုံး ပွဲစဉ်(၂)ပွဲကို ခြေသလုံးဒဏ်ရာကြောင့် လွဲချော်ခဲ့ရပြီး အေစီမီလန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာလည်း နှစ်ကျော့ပေါင်း မိနစ်(၄၀)သာ ကစားခွင့် ရခဲ့ပါတယ်။

Richarlison conte

Photo Credit : Football London

ဒီလို အသင်းအတွက် အရေးကြီးလှတဲ့ ပွဲစဉ်မှာ အချိန်အနည်းငယ်လောက်သာ ဝင်ကစားခဲ့ရတဲ့အပေါ် ရစ်ချာလီဆန် က “ကျွန်တော် အရိုးသားဆုံး ပြောရမယ်ဆိုရင် ဒီနှစ် ဘောလုံးရာသီက မနှစ်မြို့စရာပဲ။ ကျွန်တော်က ကစားခွင့်ရချင်တယ်။ ကွန်တီရဲ့ ရွေးချယ်မှုကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ကျွန်တော် အပြုသဘောဆောင်နေတဲ့ အခိုက်အတန့်ထဲ ရှိနေချိန်မှာ ကွန်တီက ကျွန်တော့်ကို အရန်ခုံ ပြန်ပို့ပါတယ်။ မနေ့ကပဲ သူက ကျွန်တော့်ကို ပွဲထွက် ကစားသမား (၁၁)ယောက်မှာ စမ်းသပ်ခဲ့ပြီး နောက်တော့ အရန်ခုံပဲ ပြန်ရောက်သွားပြန်ပါတယ်”လို့ မကျေမနပ်နဲ့ ပြောဆိုသွားခဲ့ပါတယ်။

richarlison

Photo Credit : Sky Sports

ရစ်ချာလီဆန်ဟာ လက်ရှိမှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၂၅)ပွဲ ပါဝင်ကစားထားခဲ့ရင်း (၂)ဂိုးသွင်း (၃)ဂိုး ဖန်တီးခဲ့ပြီး ပွဲထွက်ခွင့် ကစားခွင့်ဟာလည်း နည်းပါးနေသေးသလို သူရဲ့ ခြေစွမ်းပိုင်းကလည်း အားရစရာ အနေအထားမှာ ရှိမနေသေးပဲ ဖြစ်နေရပါတယ်။ အခုတော့ ရစ်ချာလီဆန်ဟာ စပါးအသင်းနဲ့အတူ ဆုဖလားလက်မဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေရပြီ ဖြစ်ပြီး သူရဲ့ အနာဂတ်ဟာလည်း မရေမရာမှုတွေ စတင် ဖြစ်ပေါ်လာခဲ့ရပြီပဲ ဖြစ်ပါတယ်။

Featured Photo : Twitter