မိမိရဲ့ လုပ်ငန်းခွင်မှာ ရာထူး တိုးခံလိုက်ရတဲ့အခါ မိမိရဲ့ ကုမ္ပဏီအတွက် အရေးပါ အရာရောက်တဲ့ အနေအထားတစ်ခုမှာ ရောက်ရှိသွားမှာဖြစ်ပြီး လုပ်ခလစာသည်လည်း ပိုမိုများပြားလာမှာ ဖြစ်ပါတယ်။ ရာထူး တိုးဖို့ မျှော်လင့်စောင့်ဆိုင်းနေတဲ့ ကွီး တို့အတွက် သိထားသင့်တဲ့ အချက်များလည်းရှိပါတယ်။ ရာထူးတိုးဖို့အတွက် ကြိုးစားအားထုတ်နေတဲ့ ကွီးတို့လည်း ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု အရာထင်အောင် အခုဖော်ပြပေးမယ့်အချက်များက ကူညီပေးပါလိမ့်မယ်။
သင့်ကုမ္ပဏီက သင့်ဆီက ဘာလိုချင်သလဲဆိုတာ စဥ်းစားပါ
ကွီးတို့အနေနဲ့ လုပ်ငန်းခွင်မှာ ရာထူးတိုးဖို့ စောင့်ဆိုင်းနေတဲ့အခါ ကိုယ့်ရဲ့ ကုမ္ပဏီက ကိုယ့်ထံမှ ဘာကို လိုအပ်သလဲဆိုတာကို အရင်ဦးဆုံး သိရှိအောင် ပြုလုပ်သင့်ပါတယ်။ ကိုယ်က ကုမ္ပဏီထံ ပေးနိုင်တဲ့ အရည်အချင်း Performance နှင့် ကုမ္ပဏီက လိုချင်တဲ့ အရာ နှစ်ခုတို့သည် တစ်ထပ်တည်း ကျမှသာလျှင် ရာထူးတိုးဖို့ အခွင့်အရေး ရရှိမှာဖြစ်ပါတယ်။ ကုမ္ပဏီတိုင်းကတော့ သူတို့ရဲ့ ဝန်ထမ်းထံမှ အကောင်းဆုံးသော အရာတွေကိုသာ မျှော်လင့်ကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ဘက်က ပေးနိုင်တဲ့အရာသည် အမှန်တကယ် တန်ဖိုးရှိတဲ့အရာဖြစ်ဖို့ လိုအပ်ပါလိမ့်မယ်။
ဒါ့ကြောင့် ကိုယ့်ရဲ့ အရည်အချင်းတွေကို မှေးမှိန် ပျောက်ကွယ် မသွားအောင် ကြိုးစားပါ။ ကိုယ့်ရဲ့ အရည်အချင်းများ တစ်စထက် တစ်စ ပိုမိုတိုးတက်လာအောင် စွမ်းဆောင် ကျင့်ကြံရမှာပြဖြစ်ပါတယ်။ မိမိရဲ့ အရည်အချင်းများကို များများ ပြသနိုင်ဖို့အတွက် အခွင့်အရေးများကိုလည်း ကိုယ်တိုင်ကိုယ်ကျ ဖန်တီးတတ်ဖို့ လိုအပ်ပါလိမ့်မယ်။
ရာထူးတိုးခံရတဲ့သူတွေထံမှ လေ့လာဆည်းပူးပါ
ကိုယ်က ရာထူး တိုးခံရပါ့မလား ဆိုပြီး ခန့်မှန်းနေတဲ့အခါမှာ ကိုယ့်အရှေ့က ရာထူးတိုးခံရတဲ့ သူတွေကို တစေ့တစောင်း လေ့လာကြည့်လိုက်ပါ။ သူတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းများ၊ သူတို့ရဲ့ အမူအကျင့်၊ သူတို့ရဲ့ အောင်မြင်မှုများကို လေ့လာကြည့်ပါ။ သူတို့ဘာ့ကြောင့် ရာထူးတိုးခံရသလဲဆိုတာကို သိရှိနားလည်သွားပါလိမ့်မယ်။
ဥပမာဆိုရသော် အချို့သော လုပ်ငန်းရှင်များ၊ သူဌေးများသည် လူမှုဆက်ဆံရေးကောင်းပြီး လူအများနှင့် လိုက်လျောညီထွေစွာ ပေါင်းသင်းဆက်ဆံတတ်သူများ၊ ကာစတန်မာ ဝန်ဆောင်မှု ကောင်းကောင်း ပေးနိုင်သူများကို သဘောကျကြပြီး ရာထူးတိုးပေးလေ့ရှိပါတယ်။ ဒီလိုအခြေအနေမျိုးဆိုရင်တော့ သင့်အနေနဲ့လည်း ရာထူးမြန်မြန်တိုးခံရဖို့အတွက် လူမှုဆက်ဆံရေး နယ်ပယ်တွင် သာလွန်ကောင်းမွန်အောင် ကြိုးစားရမှာပဲဖြစ်ပါတယ်။ သင့်ရဲ့ ကုမ္ပဏီကရော ဘယ်လိုအရည်အချင်းမျိုးကို လိုလားသလဲဆိုတာကို သင့်ရှေ့က ရာထူးတိုးခံရတဲ့ စီနီယာများထံမှ လေ့လာကြည့်ကာ သင့်ထံမှာလည်း ထိုအရည်အချင်းမျိုး ရရှိအောင် ကြိုးစားကြည့်လိုက်ပါ။ ဒါဆိုရင်တော့ ရာထူးတိုးခံရတာ ပိုမိုမြန်ဆန် လွယ်ကူသွားပါလိမ့်မယ်။
အချို့ကုမ္ပဏီများကတော့ အဖွဲ့အစည်းလိုက် လုပ်ဆောင်တတ်သူများ၊ ခေါင်းဆောင်မှု အရည်အချင်းရှိသူများကို သဘောကျကြပါတယ်။ ဒါဆိုရင်တော့ သင့်အနေနဲ့ ခေါင်ဆောင်နိုင်မှု အရည်အချင်း၊ အဖွဲ့အစည်းလိုက် လုပ်ဆောင်တတ်တဲ့ အရည်အချင်းများကို လက်ဝယ်ပိုင်ဆိုင်နိုင်အောင် ကြိုးစားရမှာပဲဖြစ်ပါတယ်။
သင့်ရဲ့ အထက်လူကြီးထံမှ အကြံဥာဏ်နှင့် Feedback များ ရယူပါ
တခါတရံမှာ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေက ကောင်းမွန်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်မြင် ယူဆတတ်ကြပါတယ်။ ဒါပေမဲ့ တခါတရံမှာ အထင်နဲ့ အမြင်နဲ့ လွဲမှားတတ်ပြီး သင့်ရဲ့ လုပ်ဆောင်ချက်တွေသည် အရာမရောက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ လုပ်ဆောင်ချက်များ၊ Performance များ ဘယ်အခြေအနေ ရှိသလဲဆိုတာကို ကိုယ်ကိုယ်တိုင် ပြန်လည် မဆန်းစစ်နိုင်တဲ့အခါ သင့်ရဲ့ အထက်လူကြီး (သို့) Supervisor ထံမှ အကြံဥာဏ်များ၊ Feedback များ ရယူလိုက်ပါ။ အကြံဥာဏ်များ၊ Feedback များ တောင်းယူတဲ့အခါမှာလည်း ယေဘုယျ အပေါ်ယံထက်စာရင် အသေးစိတ်ကျကျ တောင်းခံတတ်ဖို့ လိုအပ်ပါလိမ့်မယ်။
ပြဿနာများကို ခေါင်းအေးအေးထားပြီး ဖြေရှင်းနိုင်ပါစေ
နမော်နမဲ့နဲ့ ရှပ်ပြာ ရှပ်ပြာ နိုင်တဲ့သူတွေကို ဘယ်သူကမှ သဘောမကျကြပါဘူး၊ အဘက်ဘက်က စေ့စေ့စပ်စပ်နဲ့ တိတိကျကျ လုပ်ဆောင်နိုင်တဲ့သူကိုသာ လုပ်ငန်းရှင်များ၊ သူဌေးများက သဘောကျကြတာပါ။ သင့်အနေနဲ့ ကိုယ့်ရဲ့ အမူအကျင့်က ဘယ်လိုရှိသလဲဆိုတာ ပြန်လည်သုံးသပ်ကြည့်လိုက်ပါ။ ရှပ်ပြာ ရှပ်ပြာနဲ့ နမော်နမဲ့ နိုင်တယ်ဆိုရင်တော့ ထိုအကျင့်ကို ဖျောက်ဖျက်ပစ်ဖို့ လိုအပ်ပါလိမ့်မယ်။ ပြဿနာများ ကြုံတွေ့ရပါကလည်း ခေါင်းအေးအေးထားပြီး အကောင်းမွန်ဆုံး ဖြေရှင်းနိုင်ရပါမယ်။ ပြဿနာတိုင်း၊ ပုစ္ဆာတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပဲမို့ ခေါင်းအေးအေးထားပြီး ဖြေရှင်းတတ်ရပါမယ်။
မိမိကိုယ်ကို စိတ်ဓာတ်ကျမသွားအောင် စိတ်ဓာတ် တက်ကြွနေအောင် ပြုလုပ်ပါ
စိတ်ဓာတ် တက်ကြွအောင် လုပ်ဆောင်ရတာ အင်မတန်ခက်ခဲပါတယ်။ ဒါ့အပြင် ထိုမြင့်မားနေတဲ့ စိတ်ဓာတ်ကို တစိုက်မတ်မတ် အကျင့်တစ်ခုလိုဖြစ်သွားအောင် လုပ်ဆောင်ဖို့ဆိုတာ ပိုလို့တောင် ခက်ခဲပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်ကျသွားခြင်းကတော့ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပေါ်နိုင်တာကြောင့် ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ် ကျမသွားအောင် ကြိုးစားဖို့ လိုအပ်ပါတယ်။ ရာထူးကလည်း တိုးဘဲ မတိုင်းနိုင်သေးဘူးဆိုပြီး စိတ်ဓာတ်ကျနေမယ့်အစား ကိုယ့်ရဲ့ အရည်အချင်းများကို တိုးတက်လာအောင်သာ တစိုက်မတ်မတ် ကြိုးစားလိုက်ပါ။ ရာထူး တိုးခံရမယ့် အခွင့်အရေးက ကွီး တို့ဆီ တစိုက်မတ်မတ် ရောက်ရှိလာပါလိမ့်မယ်။
Source: Indeed.com
Featured Image: Freepik