ကိုယ်ပိုင်လုပ်ငန်း လုပ်တယ်ဆိုတာ ပြောသလောက်တော့ မလွယ်ကူပါဘူး။ အစစအရာရာမှာ စိန်ခေါ်မှုနဲ့ ဖိအားတွေ များစွာရှိသလို လုပ်ငန်းအောင်မြင်ဖို့ နဲ့ ရေရှည်ရပ်တည်နိုင်ဖို့ ဇွဲ ၊ လုံ့လ ၊ ဝီရိယ ဆိုတဲ့ အားစိုက်ထုတ်မှုတွေလည်း များစွာလိုအပ်ပါတယ်။ ကွီးတို့အနေနဲ့ ဝန်ထမ်းအလုပ်ကို လက်လွှတ်ပြီး ကိုယ်ထူကိုယ်ထ အသေးစား လုပ်ငန်းတစ်ခု စလုပ်မယ်လို့ စိတ်ကူးထားတယ်ဆိုရင်တော့ အခုပြောပြမယ့် အကြံပြုချက်လေးတွေကို သိထားဖို့ လိုပါမယ်။

(၁) ထည်ထည်ဝင်ဝင် အရင်လေ့လာပါ

Photo : Start Up Donut

ဘယ်လုပ်ငန်းပဲ လုပ်လုပ် လုပ်ငန်း သဘောတရား ၊ ဈေးကွက် အခြေအနေ ၊ လုပ်ငန်းလည်ပတ်ပုံတွေကို အခြေခံကျကျ ထည်ထည်ဝင်ဝင် သိထားရင် အကောင်းဆုံးပါပဲ။ ဒါကြောင့် ကိုယ်ပိုင်လုပ်ငန်း လုပ်တဲ့အခါ စိတ်မလောပဲ ကိုယ်လုပ်မယ့် လုပ်ငန်းအကြောင်းကို သေချာ ထည်ထည်ဝင်ဝင် သိအောင် အချိန်ပေးလေ့လာပါ။ ဒါဟာ ကွီးတို့ရဲ့ လုပ်ငန်းကို ဆုံးရှုံးမှုနည်းပြီး အောင်မြင်မှု ပိုမြန်ဖို့ အခြခံအကျဆုံး အချက်တစ်ခု ဖြစ်ပါတယ်။

(၂) စိတ်ကူးစိတ်သန်းကောင်းတွေ ရှိပါစေ

Photo : Saigon Technology

အပြိုင်အဆိုင်များတဲ့ အခုလိုခေတ်ကြီးထဲမှာ သူများနဲ့မတူတဲ့ စိတ်ကူးစိတ်သန်းကောင်းတွေနဲ့ တီထွင်ဆန်းသစ်မှုအသစ်တွေ လုပ်နိုင်တဲ့သူက နှာတစ်ဖျားသာ သွားတာပါပဲ။ လုပ်ငန်းချင်း တူနေရင်တောင်မှ မတူညီတဲ့ ဈေးကွက်ထိုးဖောက်မှုတွေ ၊ အိုင်ဒီယာ အသစ်အဆန်းတွေ လုပ်နိုင်ရင် ကိုယ့်လုပ်ငန်းက ရှေ့ကို ပိုရောက်နေစေမှာပါ။ ဒါကြောင့် ကိုယ့်လုပ်ငန်းနဲ့ ပတ်သတ်ပြီး ဆန်းသစ်တဲ့ အတွေးအခေါ်တွေ ၊ စိတ်ကူးစိတ်သန်းကောင်းတွေကို အမြဲမပြတ် ဆန်းစစ်တွေးတောနေဖို့ လိုပါတယ်။

(၃) ခေတ်နဲ့အညီ ဈေးကွက်ချဲ့ထွင်ပါ

Photo : Accounting firm Lynbrook

အခုခေတ်မှာ လူတိုင်းလိုလို ဆိုရှယ်မီဒီယာနဲ ဝက်ဘ်ဆိုဒ်တွေအပေါ် ရောက်နေကြပါပြီ။ နည်းပညာခေတ်မှာ ခေတ်နဲ့အညီ အမှီလိုက်ပြီး ကိုယ့်လုပ်ငန်းကို ဈေးကွက်ချဲ့ထွင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေ ၊ ဝက်ဘ်ဆိုဒ်တွေကနေတဆင့် ကိုယ့်လုပ်ငန်းကို ထိုးဖောက်ပြီး လူများများသိအောင် မိတ်ဆက်တာ ၊ အွန်လိုင်း Marketing ဆင်းတာတွေ ပြုလုပ်ဖို့လည်း မဖြစ်မနေ လိုအပ်ပါတယ်။

(၄) ဝန်ဆောင်မှု ကောင်းကောင်းပေးပါ


Photo : IndiaFilings

ဖောက်သည်တွေကို စိတ်ကျေနပ်စေမယ့် ဝန်ဆောင်မှုကောင်းကောင်း ပေးနိုင်တာကလည်း လုပ်ငန်းတစ်ခု အောင်မြင်စေဖို့အတွက် အဓိက လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ အခုမှ စထောင်တဲ့ အသေးစား လုပ်ငန်းတစ်ခုအတွက်ဆိုရင် ဝန်ဆောင်မှုပိုင်းဟာ ပိုလို့တောင် လိုအပ်ပါတယ်။ စိတ်ကျေနပ်စရာကောင်းပြီး ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်တာဟာ ဖောက်သည်နဲ့ ကိုယ့်လုပ်ငန်းကြားက ဆက်ဆံရေးကို ရေရှည်ခိုင်မြဲစေဖို့ အထောက်အကူပြုတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

Featured Photo : Entrepreneur