မန်စီးတီး အသင်းကတော့ အာဆင်နယ်နဲ့ပွဲမှာ ACL injury ရသွားခဲ့လို့ ရာသီကုန်အထိ အနားယူသွားရတော့မယ့် အသင်း ကွင်းလယ်လူ ရိုဒရီ နေရာမှာ အစားထိုးဖို့အတွက်က လက်ရှိ အသင်းရဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ မက်တီအို ကိုဗာချစ်တို့ ဂွန်ဒိုဂန်တို့ ရှိနေတယ်ဆိုပေမယ့်လည်း ဒီရာသီလို ပွဲအရေအတွက်တွေ အရမ်းများပြားနေတဲ့ ကာလမျိုးမှာ မန်စီးတီးတို့ ကွင်းလယ်ခံစစ် နေရာဖြစ်တဲ့ နံပါတ်(၆)နေရာအတွက် မဖြစ်မနေ အားဖြည့်ဖို့က လိုအပ်လာခဲ့ပါတယ်။

rodri pep

Photo Credit: The New York Time

ရိုဒရီဆိုတာက မန်စီးတီးအတွက်ရော စပိန်အတွက်ပါ တကယ့်ကို အရေးအပါဆုံးသော ကစားသမားတစ်ယောက်ပါ။ ရိုဒရီ ပါဝင်နေတဲ့ ကွင်းလယ်ပိုင်းမှာဆိုရင် သူရဲ့လုပ်အားနှုန်း ကောင်းမွန်းမှုတွေ နည်းစနစ်ပိုင်း ကြွယ်ဝမှုတွေကြောင့် ပြိုင်ဘက်အသင်းတွေထက်ကို ခေါင်းတစ်လုံးသာနေရတက်ပါတယ်။ နောက်ပြီး ရိုဒရီ ပါနေရင်လည်း ရလဒ်ဆိုးတွေ ဖြစ်ပေါ်နိုင်ခြေက အလွန်နည်းပါးပါတယ်။ ဒီလို အားသာချက်တွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ယောက်ကို ကာလအတန်ကြာ အနားပေးရတော့မှာက မန်စီးတီးအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ကြီး ဖြစ်စေသလို ရိုဒရီအတွက်လည်း နစ်နာစရာတွေ ဖြစ်လာခဲ့ရပါတယ်။

rodri worst injury

Photo Credit: Sportsnet

ဒီလို အခြေအနေမှာ မန်စီးတီးလို ကစားသမားကောင်းတွေကို အသင်းနှစ်သင်းစာလောက် ပိုင်ဆိုင်ထားတဲ့ အသင်းအနေနဲ့ သိပ်ပြီး ပြဿနာ မရှိနိုင်ဘူးလို့ ထင်ကောင်းထင်ရနိုင်ပေမယ့်လည်း ရိုဒရီ လို ကွာလတီမျိုးနဲ့ ကစားသမားတစ်ဦး ပွဲပေါင်းများစွာ မကစားနိုင်တာဟာ မန်စီးတီးအတွက် တစ်ချိန်မဟုတ်တချိန် ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်လည်း လာမယ့် ဇန်နဝါရီ ဆောင်းဈေးကွက် ပြန်လည် ဖွင့်လှစ်မယ့်အချိန်မှာ ကွင်းလယ်ခံစစ် ကစားသမားသစ်တစ်ဦးကို ခေါ်ယူသွားဖို့ မန်စီးတီးတို့ စတင် ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ မန်စီးတီးနဲ့ သတင်းထွက်လာကတော့ ဇူဘီမန်ဒီပါ။

martin zubimendi city

Photo Credit: Football Insider

နွေတုန်းက လီဗာပူးလ်နဲ့ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက် ထွက်ပေါ်ပြီး အပြောင်းအရွှေ့ ဖြစ်လုနီးနီးမှ ငြင်းဆန်ခဲ့တဲ့ စပိန် ကွင်းလယ်လူ ဇူဘီမန်ဒီဟာ အခုတော့ လီဗာပူးလ်ဆီ မပြောင်းမိလို့ နောင်တရနေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာချိန်မှာပဲ လီဗာပူးလ်ထက် ပိုပြီး အင်အားတောင့်တင်းတဲ့ မန်စီးတီးဆီ ပြောင်းရွှေ့ဖို့ အခွင့်အရေးရလာခဲပြီ ဖြစ်ပါတယ်။ စီးတီးဘက်ကသာ ဇူဘီမန်ဒီကို တကယ် ခေါ်ဖြစ်မယ်ဆိုရင်တော့ ယူရို-၂၀၂၄ ဖိုင်နယ်ပွဲတုန်းက ရိုဒရီ ဒဏ်ရာရသွားတုန်း ဇူဘီမန်ဒီ ဝင်ကစားသလိုမျိုး နောက်တစ်ကြိမ် ထပ်မြင်တွေ့ရပါတော့မယ်။

Featured Photo: FOX Deportes