နည်းပညာတွေ ဖွံ့ဖြိုးလာတာနဲ့အမျှ လူသားတွေအတွက် နေ့စဉ်ဘဝကို အထောက်အကူပြုနိုင်တဲ့ နည်းပညာသုံး ပစ္စည်းလေးတွေ၊ အဖော်ပြုပေးနိုင်တဲ့ စက်ရုပ်လေးတွေ၊ ဖျော်ဖြေရေး စက်ပစ္စည်းလေးတွေ စတာတွေလည်း တစတစ တိုးတက်လာပါတယ်။ ထိုပစ္စည်းလေးတွေရဲ့ စွမ်းဆောင်ရည်တွေကလည်း တကယ်ကို အံ့မခန်းပါပဲ။ ဒီနေ့မှာတော့ ကွီးတို့အတွက် အမိုက်စား ရှယ်မှရှယ် ဆိုတဲ့ နည်းပညာသုံး စွမ်းဆောင်ရည်မြင့် Gadget လေးတွေကို ဖော်ပြပေးချင်ပါတယ်။

PowerShot V10 Vlog Camera

ရှယ်မှရှယ်

Photo : New Shooter

ကွီးတို့ကို ပထမဆုံးဖော်ပြပေးချင်တာကတော့ Canon ရဲ့ PowerShot V10 Vlog ကင်မရာလေးပဲ ဖြစ်ပါတယ်။ ဒီ ကင်မရာလေးက Canon ရဲ့ လူကြိုက်များသော G-Series လိုင်းမှ အစိတ်အပိုင်းများပါရှိပြီး သယ်ဆောင်ရလွယ်ကူသော ပုံစံသစ်နဲ့ ကျစ်လစ်သေးသွယ်တဲ့ ကင်မရာလေး ဖြစ်ပါတယ်။ Vlog ရိုက်ကူးချင်သူများအတွက် အဆင်ပြေပြီး စွဲမက်ဖွယ်ကောင်းသော ဗီဒီယိုများကို အချိန်နဲ့ တပြေးညီ ဖန်တီးနိုင်ပါတယ်။ စတူဒီယိုအသံဖမ်းယူမှု၊ Built-in Stand နှင့် လွယ်ကူသော တိုက်ရိုက်ထုတ်လွှင့်မှုများကို ဒီကင်မရာလေးနဲ့ ပြုလုပ်နိုင်ပါတယ်။ ကျစ်လစ်သေးငယ်ပေးမယ့် စွမ်းဆောင်ရည်မြင့် ကင်မရာတစ်လုံးပါပဲ။

Razer Viper Mini Gaming Mouse

ရှယ်မှရှယ်

Photo : TeachEBlog

Gamer ကွီးတို့ကတော့ Razer အမှတ်တံဆိပ်ကို ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒီ Razer ရဲ့ လုံးဝ အလန်းစား Razer Viper Mini Gaming Mouse ကို ရော စမ်းကြည့်ပြီးပြီလား။ ဒီဇိုင်းအမိုက်စားနဲ့ ဒီမောက်စ်ရဲ့ ကိုယ်ထည်ကို ပလပ်စတစ်ထက် အကြမ်းခံကာ ပိုမိုတောင့်တင်ပြီး တိုက်တေနီယမ်ထက် ပေါ့ပါးတဲ့ မဂ္ဂနီဆီယမ် အလွိုင်းဖြင့်  တည်ဆောက်ထားပါတယ်။ ဒါ့ကြောင့် အသုံးပြုရတာ ပေါ့ပါးတာကြောင့် ဂိမ်းဆော့ရမှာ အဆင်ပြေပါတယ်။ Gamer ကွီးတို့ရဲ့ စိတ်ကူးထဲက မောက်စ်နဲ့ တစ်ထပ်တည်းကျနိုင်တဲ့ ဒီမောက်စ်က နိုင်ပွဲတွေဆီကို ခေါ်ဆောင်သွားနိုင်မလားဆိုတာတော့ သုံးကြည့်မှသာ သိနိုင်မှာ ဖြစ်ပါတယ်။

Apple HomePod 2

Photo : CNET

အရှိန်အဟုန်ဖြင့် တိုးတက်လာနေတဲ့ နည်းပညာမြင့် Gadgets တွေထဲမှာ Smart Speaker တွေကလည်း အပါအဝင် ဖြစ်ပါတယ်။ ထိုအထဲမှာ Apple HomePod လည်း ပါဝင်ပြီး ၎င်းမှာ Siri၊ Stereo Pairing နဲ့ Spatial Audio စတဲ့ အင်္ဂါရပ်များ ပါဝင်ပါတယ်။ ဒါ့အပြင် ၎င်းက သဘာဝအတိုင်း တတ်ကြွပြီး ကောင်းမွန်တဲ့ အသံကို ပေးစွမ်းနိုင်တာကြောင့် မပျင်းစေရမှာတော့ သေချာပါတယ်။ သူ့ရဲ့ ဒီဇိုင်းကိုလည်း ပြောင်မြောင်စွာ ဖန်တီးထားပါတယ်။ Apple Homepod 2 မှာပါဝင်တဲ့ အင်္ဂါရပ်တစ်ခု ဖြစ်တဲ့ Siri က သီချင်းဖွင့်နေချိန်ဖြစ်စေ၊ အခန်းတစ်ဝိုက်မှာ စပီကာနဲ့ စကားပြောနေချိန်ဖြစ်စေ၊ ကျွန်တော်တို့ရဲ့ အမိန့်သံများကို ကြားနိုင်ပြီး တုံ့ပြန်နိုင်စွမ်းရှိပါတယ်။

Lenovo Smart Clock

Photo : Gedget Flow

ဒီ စမတ်နာရီဖြစ်တဲ့ Lenovo Smart Clock က ကွီးတို့အိပ်ခန်းထဲမှာ ရှိသင့်တဲ့ နာရီတစ်လုံး ဖြစ်ပါတယ်။ ၎င်းရဲ့ ကြီးမားပြီး ကြည်လင်ပြတ်သားတဲ့ မျက်နှာပြင်ကြောင့် အခန်းဘယ်နေရာကမဆို အချိန်ကို ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် Lenovo စမတ်နာရီမှာ Google Assistant ပါဝင်တာကြောင့် မေးခွန်းများမေးခြင်း၊ တေးဂီတဖွင့်ခြင်း၊ အခြား အိမ်သုံးစမတ် အိမ်သုံးပစ္စည်းများကို ထိန်းချုပ်နိုင်ခြင်း စတာတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ ကွီးတို့အတွက် အသုံးဝင်တဲ့ Gadget တစ်ခုဆိုလည်း မမှားပါဘူး။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အမိုက်စား ရှယ်မှရှယ် ဆိုတဲ့ စွမ်းဆောင်ရည်မြင့် နည်းပညာသုံး ပစ္စည်းတွေထဲမှာ ကွီးတို့ အကြိုက်များ ပါပါသလား။ ဆက်လက်ပြီးတော့လည်း အမိုက်စား Gadgets တွေ အများကြီး ရှိသေးတာကြောင့် ဖော်ပြပေးပါဦးမယ်။

Source : Awesome Stuff To Buy

Featured Photo : Know Techie