ပြီးခဲ့တဲ့ ဇွန်(၁၄)ရက်နေ့ကနေ စတင် ကျင်းပနေတဲ့ ယူရို-၂၀၂၄ပြိုင်ပွဲကတော့ အခုဆိုရင် အုပ်စုပွဲစဉ် (၂)ထိတောင် ရောက်ရှိနေပြီဖြစ်ပြီး အိမ်ရှင် ဂျာမနီ ဆွစ်ဇာလန် ဟန်ဂေရီနဲ့ စကော့တလန်တို့ ပါဝင်နေတဲ့ အုပ်စု(A)ကတော့ အခုဆိုရင် ပွဲစဉ်(၂)ပွဲလုံး ယှဉ်ပြိုင်သွားခဲ့ပြီ ဖြစ်သလို အုပ်စု(၂)ပွဲလုံး အနိုင်ရထားတဲ့ ဂျာမနီကတော့ စောစောစီးစီးပဲ ရှုံးထွက်အဆင့်ဆီကို တက်လှမ်းသွားခဲ့ပါတယ်။

germany 5-1 scotland

Photo Credit: Bavarian Football Works

ယူရို-၂၀၂၄ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့တဲ့ ဂျာမနီ က ပြိုင်ပွဲရဲ့ အဖွင့်ပွဲမှာ စကော့တလန်အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး စကော့ကို (၅)ဂိုး (၁)ဂိုးနဲ့ပင် အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ အဲ့ဒီပွဲမှာ စကော့တလန်အသင်းရဲ့ ကစားပုံက အားနည်းနေသလို ပထမပိုင်း ပြီးခါနီးမှာပါ စကော့နောက်ခံလူ တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရလို့ ပိုတောင် အားနည်းသွားရပြီး ဒုတိယပိုင်းမှာလည်း ဂိုးတွေ ထပ်မံ သွင်းယူရင်း (5-1) ထိ ဖြစ်သွားခဲ့ရပါတယ်။

germany 2-0 hungary

Photo Credit: Sportstar The Hindu

အုပ်စုဒုတိယပွဲစဉ်အဖြစ် ဟန်ဂေရီအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရချိန်မှာတော့ စကော့နဲ့ပွဲကလိုမျိုး လွယ်ကူမနေတော့ပဲ ဟန်ဂေရီရဲ့ထိုးဖောက်မှုတွေက ဂျာမနီအတွက် အန္တရာယ် ရှိခဲ့ရပါသေးတယ်။ ဒါ့အပြင် ဟန်ဂေရီနဲ့ ဂျာမနီ တို့ဟာ ၂၀၁၆ခုနှစ်နောက်ပိုင်း ထိပ်တိုက် တွေ့ဆုံမှု (၃)ကြိမ်လုံးမှာလည်း ဂျာမနီက တစ်ခါမှ အနိုင်ရထားခြင်း မရှိပဲ (၂)ပွဲသရေ (၁)ပွဲရှုံးထားခဲ့ပါတယ်။ ဒါပေမယ့် အခုတစ်ခေါက် တွေ့ဆုံမှုမှာတော့ ဂျာမနီက မူဆီအာလာ ဂွန်ဒိုဂန်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဟန်ဂေရီကို ဂိုးပြတ်အနိုင်ရရင်း ရမှတ်(၆)မှတ်နဲ့ ရှုံးထွက် (၁၆)သင်းအဆင့်ဆီ တက်လှမ်းသွားခဲ့ပါတယ်။

switzerland 1-1 scotland

Photo Credit: beIN SPORTS

ဂျာမနီ အနေနဲ့ ကစားပြီးထားတဲ့ အုပ်စုပွံ (၂)ပွဲလုံး အနိုင်ရလို့ နောက်တစ်ဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပေမယ့် အုပ်စုအဖွင့်ပွဲ အနိုင်ရထားတဲ့ ဆွစ်ဇာလန်က စကော့တလန်ကို သရေသာ ကစားနိုင်လို့ ဂျာမနီနဲ့အတူ နောက်တစ်ဆင့် ချက်ချင်း မတက်သွားပဲ အုပ်စုနောက်ဆုံးပွဲ ရလဒ်တွေကို စောင့်ရပါတော့မယ်။ တကယ်တော့ ဆွစ်က (၄)မှတ်လည်း ရထားပြီး စကော့ထက်လည်း ဂိုးကွာခြားချက်ပါ သာလွန်နေတာမို့ နောက်တစ်ဆင့်တက်ဖို့က လုံးဝ သေချာသလောက် ဖြစ်နေပြီး စကော့ကလည်း ဟန်ဂေရီကိုသာ နိုင်လိုက်မယ်ဆို အနည်းဆုံး အကောင်းဆုံး တတိယနေရာနဲ့ နောက်တစ်ဆင့်ဆီ တက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

Featured Photo: Sportstar The Hindu