ချစ်သူရည်းစားနှစ်ယောက်၊ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြိုက်ပြီးနောက် လက်ထပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့နောက်မှာ ဘာတွေကို ထည့်စဥ်းစားဖို့ လိုမလဲ။ လက်မထပ် ခင်မှာ ကွီး တို့ကောင်မလေးနဲ့ ဘယ်လိုအချက်တွေကို တိုင်ပင်ဆွေးနွေးထားသင့်သလဲ။

တစ်ယောက်ရဲ့ တန်ဖိုးကို တစ်ယောက် နားလည်ပါ

couple

ချစ်သူဘဝမှာတော့ တစ်ယောက်ကိုတစ်ယောက် ချစ်ရင်ပြီးသွားပါပြီ။ ဘာပြဿနာမှ မရှိပေမယ့် အိမ်ထောင်သည်ဘဝမှာတော့ ဒီလိုမဟုတ်ပါဘူး။ ချစ်သူဘဝမှာ ချစ်ကြည်နူး တစ်တီတူးနိုင်ပေမယ့် အိမ်ထောင်သည်ဘဝသည် ပိုပြီး လက်တွေ့ ဆန်လာပြီဖြစ်ပါတယ်။ လက်တွေ့ဆန်ဆန် ဖြတ်သန်းရတော့မယ့်အချိန်ဖြစ်တာကြောင့် နှစ်ယောက်စလုံး ကလေးဆန်နေလို့ မရတော့ပါဘူး။ ကွီးတို့အနေနဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးဖို့လည်း လိုအပ်သလို ဘာ့ကြောင့် တစ်ယောက်အကျိုးကို တစ်ယောက် လိုလားတာမျိုးလည်း ဖြစ်နေရပါမယ်။

ငွေရေး ကြေးရေး ဘယ်လိုသုံးစွဲကြမလဲ

couple and money

အိမ်ထောင်တစ်ခု ထူထောင်လိုက်ပြီဆိုတာနဲ့ သူ့ပိုက်ဆံ ငါ့ပိုက်ဆံ ဆိုပြီး ခွဲခြားနေရမှာမဟုတ်တော့ပါဘူး။ တစ်အိမ်ထောင်တည်း အတူတူဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့် မရှိအတူ ရှိအတူ၊ အေးအတူ ပူအမျှ နေထိုင်ရမှာပဲဖြစ်ပါတယ်။ ငွေရေး ကြေးရေး စီမံခန့်ခွဲတာကို ဘယ်သူလုပ်ဆောင်မလဲ၊ တစ်လ တစ်လ အိမ်သုံးစရိတ်တွေကို ဘယ်လိုခြိုးခြံချွေတာရမလဲ အစရှိတဲ့အချက်များကို တွက်ဆရမှာပဲဖြစ်ပါတယ်။ အသုံးအဖြုန်းမကြီးကြဘဲနဲ့ တစ်ယောက်က အသုံးကြမ်းမိသွားတဲ့အခါ အခြားတစ်ယောက်ကလည်း ဘေးကနေ ဝင်ထိန်းပေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် စုထားဆောင်းထားဖို့လည်း လိုအပ်ပြီး ကွီးတို့နှစ်ယောက်စလုံးရဲ့ တိုးတက်ရာ တိုးတက်ကြောင်းအတွက်လည်း သုံးစွဲတတ်ဖို့ လိုအပ်ပါတယ်။

ကလေး ယူ မယူ စဥ်းစားပါ

လက်မထပ် ကွီး

ပတ်ဝန်းကျင်ဆိုတာကတော့ အမြဲတမ်း ဝေဖန်လေကန်နေကြမှာပါပဲ။ အသက် ၃၀ နားကပ်လာလို့ အိမ်ထောင်မပြုသေးရင်လည်း၊ အိမ်ထောင် မပြုသေးဘူးလား။ သမီးရည်းစား သက်တမ်းကြာလာလို့ လက်မထပ်သေးတဲ့အခါမှာလည်း ရည်းစားဖြစ်တာ အချိန်ကြာနေပြီနော် လက်မထပ်ကြသေးဘူးလား။ ဟော… လက်ထပ်ပြီးတဲ့အခါကျပြန်တော့လည်း ကလေး ဘယ်တော့ယူကြမှာလဲနဲ့ သူများကိစ္စဆို စပ်စုတတ်ကြတာကတော့ ပတ်ဝန်းကျင်က လူသားတွေပဲမဟုတ်လား။ သူတို့ရဲ့ အပြောကို ဂရုစိုက်နေမယ်ဆိုရင်တော့ စိတ်ပင်ပန်း ဆင်းရဲရတာပဲ အဖတ်တင်မှာပါ။

ကွီးတို့အနေနဲ့ အိမ်ထောင်တစ်ခု တည်ထောင်တဲ့အခါ ကလေး ယူမယ် မယူဘူး ဆိုတာကိုလည်း ထည့်သွင်းစဥ်းစားရမှာဖြစ်ပါတယ်။ မွေးလာတဲ့ကလေးကို အမှန်တကယ် တာဝန်ယူပြီး လူလားမြောက်အောင် ထိန်းကျောင်းနိုင်ပါ့မလား။ အခြားသူများနည်းတူ တင့်တောင်းတင့်တယ် ထားနိုင်ပါ့မလား အစရှိတဲ့အချက်များကို ထည့်သွင်းစဥ်းစားပြီးမှသာ ကလေးယူသင့် မယူသင့် ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

အိမ်ခွဲ နေ မနေ ဆုံးဖြတ်ပါ

လက်မထပ် ကွီး

သမီးရည်းစားနှစ်ယောက် လက်ထပ်ပြီးတဲ့နောက်မှာ အကောင်းဆုံးအချက်ကတော့ အိမ်ခွဲနေခြင်းပဲဖြစ်ပါတယ်။ မိဘအိမ်မှာ တက်နေခြင်းက ပိုက်ဆံအကုန်အကျသက်သာတယ်ဆိုပေမယ့် ကြင်စဦးမောင်နှံများအဖို့ နေထိုင်ရတာ သက်သောင့်သက်သာရှိမှာမဟုတ်ပါဘူး။ ယောက္ခမ သားမက် ဆက်ဆံရေးက သားသမီး မိဘ ဆက်ဆံရေးလို မဟုတ်ပါဘူး။ သားသမီးနဲ့ မိဘက ဘယ်လိုပဲ ကတောက်ကဆဖြစ်ဖြစ် အချိန်တန်ရင် ကိုယ့်မိဘ ကိုယ့်ကလေးပဲမို့လို့ ပြေလည်သွားမှာပါ။ သို့သော် သားမက် ယောက္ခမ ဆက်ဆံရေးကတော့ တစ်ခါလောက် အဖုအထစ် ရှိသွားပြီဆိုတာနဲ့ ရှေ့လျောက်က အဆင်ပြေသွားဖို့ ခက်သွားမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အစကတည်းက အိမ်ခွဲနေတာ အကောင်းဆုံးပဲလို့ အကြံပေးချင်ပါတယ်။

အထက်ဖော်ပြပါအချက်တွေကို လက်မထပ် ခင်မှာ ညှိညှိနှိုင်းနှိုင်းနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ လက်ထပ်မယ်ဆိုရင်တော့ ကွီး တို့ရဲ့ အိမ်ထောင်ရေးက ထာဝစဥ် တည်တံ့ခိုင်မြဲရမှာပဲဖြစ်ပါတယ်။

Source: Realsimple

Featured Image: Freepik