လောကဓံ တရားသည် အနိမ့် အမြင့် အတက်အကျများနှင့် ကွီးတို့ကို ရိုက်နှက်ထုထောင်းနေမှာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ပြင်းထန်လွန်းတဲ့ လောကဓံ တရားရဲ့ လှည့်ကွက်များကို အနိုင်ယူဖို့ဆိုရင် ကြံ့ကြံ့ခံနိုင်တဲ့ စိတ် မျိုး ထားရှိဖို့ လိုအပ်ပါတယ်။

လောကဓံ တရားကို အနိုင်ယူဖို့အတွက် ကြံ့ကြံ့ခံနိုင်တဲ့ စိတ် ထားမျိုးနဲ့ဆို လုံလောက်ပြီလား။

နိုးပါ…။ အခုဖော်ပြပေးမယ့် စိတ်ထားမျိုးစုံ ထားနိုင်မှသာလျှင် ကွီးတို့သည် အောင်မြင်ပျော်ရွှင်ရတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

ကြံ့ကြံ့ခံနိုင်စွမ်း

ကြံ့ကြံ့ခံနိုင်စွမ်း

လောကဓံ ရိုက်ချက်များ ပြင်းထန်လာတဲ့အခါ စိတ်ဖိစီးမှုများ ပိလာမှာဖြစ်ပြီး စိတ်ဖိစီးမှုများကို မတွန်းလှန်နိုင်တဲ့အခါ ဘဝကို အလွယ်တကူ အရှုံးပေးလိုက်တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ ဘဝကို အရှုံးပေးရာကနေ လမ်းမှားရောက်လာပြီး မလုပ်သင့်တာမျိုးတွေ မျိုးစုံ ကျူးလွန်မိလာမှာပဲ ဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ ထိုအခြေအနေများမှ ကျော်လွန်ဖို့ဆိုရင် ဘယ်အရာမဆို ကြံ့ကြံ့ခံနိုင်စွမ်း ရှိရပါမယ်။ ပျော့ညံ့ညံ့ စိတ်ထားမျိုးရှိတယ်ဆိုရင် ထိုစိတ်ထားကို အရင်ဖယ်ရှားပြီး ကြံ့ခိုင်သန်မာတဲ့ လူသားတစ်ယောက်အဖြစ် ပြောင်းလဲပစ်ရပါမယ်။ ကိုယ့်စိတ်ကို သန်မာအောင်သာထားပါ။ ပတ်ဝန်းကျင်ကပဲ ထိုးနှက် ထိုးနှက် ကွီးတို့ စိတ်သာ သန်မာကြံ့ခိုင်နေမယ်ဆိုရင် ဘယ်လိုအခက်အခဲတွေပဲ ကြုံလာကြုံလာ ရင်ဆိုင်ဖြေရှင်းနိုင်မှာပဲဖြစ်ပါတယ်။

အခြေအနေနှင့် မိမိစိတ်ခံစားချက်ကို လက်ခံနိုင်စွမ်း

လောကဓံ စိတ်

ကျွန်တော်တို့ လူသားတွေသည် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် ကြိုးစားပြီးတဲ့နောက်မှာတော့ အကောင်းဆုံးသော ရလဒ်ကိုသာ လိုချင်ကြတာဖြစ်ပါတယ်။ တခါတလေမှာ ကိုယ် မှန်းထားတဲ့ ရလဒ်နှင့် ရရှိလာတဲ့ ရလဒ်ချင်း ထပ်တူမကျတဲ့အခါမှာ စိတ်ဓာတ်ကျပြီး ဘာကိုမှ ဆက်မလုပ်ချင်ကြတော့ပါဘူး။

ကွီးတို့ဆိုရင်တော့ ထိုအခြေအနေမျိုးဆိုရင် ဘယ်လိုရင်ဆိုင် ဖြေရှင်းလေ့ရှိပါသလဲ။

မတူညီတဲ့ ဖြေရှင်းနည်း အမျိုးမျိုးရှိပါတယ်။

အရင်ဦးဆုံး မိမိကိုယ်ကို အားမလို အားမရဖြစ်တဲ့စိတ်၊ စိတ်အလိုမကျတဲ့စိတ်ကို အသိအမှတ်ပြုပါ။ ဝမ်းနည်းမယ်ဆိုလည်း ဝမ်းနည်းနိုင်ပါတယ်။ ကွီးတို့အနေနဲ့ ဝမ်းနည်းပိုင်ခွင့် အပြည့်အဝရှိပါတယ်။ သို့သော် တစ်သက်လုံး ဝမ်းနည်းမနေဘဲ အချိန်အတိုင်းအတာတစ်ခုအထိ ခဏတဖြုတ်သာ ဝမ်းနည်းရမှာဖြစ်ပါတယ်။ ပြီးရင်တော့ ကိုယ် ဆက်လုပ်စရာရှိတာကို တစိုက်မတ်မတ် ဆက်လုပ်လို့ရပြီပဲ ဖြစ်ပါတယ်။

နောက်ထပ်ပြုလုပ်နိုင်တဲ့ အချက်ကတော့ ကိုယ့်ထက် အတွေ့အကြုံရှိသူများထံ အကူအညီတောင်းခံခြင်းပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ် ကြိုးစားသလောက် အောင်မြင်တဲ့ရလဒ်တစ်ခု မထွက်လာဘူးဆိုတာသည် ကွီးတို့ ကြိုးစားပုံ ကြိုးစားနည်း မှားယွင်းနေခြင်း၊ လမ်းမှန်သို့ ရောက်အောင် ပို့ဆောင်ပေးမယ့် နည်းပြတစ်ယောက် မရှိခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ထက် အတွေ့အကြုံ ပိုများပြီး၊ လမ်းမှန်သို့ ပို့ဆောင်ပေးနိုင်မယ့်သူထံ ချည်းကပ်ကာ အကြံဉာဏ် တောင်းပါ။ လေ့လာ ဆည်းပူး နည်းယူစရာများကို လေ့လာဆည်းပူးရမှာပဲဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ ကိုယ် ချည်းကပ်မယ့်သူသည် အမှန်တကယ် စိတ်ထားပြည့်ဝပြီး Sharing ပြုလုပ်ပေးနိုင်မယ့်သူ၊ မနာလိုခြင်း ကင်းဝေးပြီး ကိုယ့်ကို လမ်းမှန်သို့ ပို့ဆောင်ပေးနိုင်မယ့်သူတစ်ယောက်ဖြစ်ဖို့ လိုအပ်ပါတယ်။ စိတ်ထား မပြည့်ဝတဲ့သူထံ ချည်းကပ်ကာ အကြံဉာဏ် တောင်းမိမယ်ဆိုရင်တော့ ကွီးတို့သည် ထင်သလောက် ခရီးတွင်မှာမဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့သည် ကွီးတို့ သူတို့ထက် သာသွားမှာကို ကြောက်ပြီး အကြံဉာဏ်ကောင်းများ ပေးမှာ မဟုတ်လို့ပါပဲ။

မကောင်းမြင်စိတ်ရှိသူများကို လျစ်လျူရှုနိုင်စွမ်း

လောကဓံ စိတ်

လောကမှာ အရာရာကို အကောင်းမြင်စိတ်ရှိသူနှင့် အရာရာတိုင်းကို မကောင်းမြင်စိတ်ရှိသူတွေဆိုပြီး လူ နှစ်မျိုး နှစ်စား ခွဲခြားနိုင်ပါတယ်။ မကောင်းမြင်စိတ် ရှိသူများသည် ကွီးတို့က ဘယ်လောက်ပဲ အကောင်းတွေ လုပ်ပေး လုပ်ပေး၊ သူတို့ကတော့ အပြစ်ချည်းပဲ ထိုင်ပြောနေမှာဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့က အကောင်းဆုံး ကြိုးစားနေချိန်မှာလည်း ကြိုးစားမနေနဲ့၊ ဖြစ်မှာမဟုတ်ဘူးဆိုပြီးပဲ ပြောဆိုနေမှာဖြစ်ပါတယ်။ ကွီးတို့ကို အားလျော့အောင် အရှုံးပေးအောင်သာ ထိုးနှက်နေမှာဖြစ်ပါတယ်။ ထိုကဲ့သို့သော လူမျိုးကို အစောကြီးကတည်းက မပတ်သက်တာ အကောင်းဆုံးပါပဲ။ မတော်တဆ ပတ်သက်မိတယ်ဆိုရင်လည်း ကိုယ်က သူ့ရဲ့ စိတ်ထားကို သိသွားပြီဆိုရင် ချက်ချင်း ရှောင်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။

မိမိကိုယ်ကို ဂရုစိုက်နိုင်စွမ်း

လောကဓံ စိတ်

ကြမ်းတမ်း ခက်ခဲတဲ့ လောကဓံ မှာ နေထိုင်ရတာသည် ခြေကုန်လက်ပမ်းကျစရာသာဖြစ်ပြီး ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘဲ ပစ်ထားတတ်တဲ့ စိတ် မျိုးရှိတယ်ဆိုရင်တော့ ကွီးတို့အတွက် အခြေအနေ မကောင်းပါဘူး။ မိမိကိုယ်ကို ဂရုစိုက်ရမယ်ဆိုတဲ့ နေရာမှာ ခန္ဓာကိုယ် ကျန်းမာရေးကိုသာမက စိတ်ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ စိတ်ကျန်းမာ၊ ကိုယ် ချမ်းသာမှသာလျှင် မိမိကြံရွယ်သမျှ ကိစ္စအဝဝကို လုပ်ဆောင် အောင်မြင်နိုင်မှာပဲ ဖြစ်ပါတယ်။ စိတ်ရော ကိုယ်ပါ ကျန်းမာဖို့ဆိုလျှင် လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပါ။ စိတ်အေးချမ်းအောင် တရားထိုင်ပါ။ အိပ်ရေး ဝဝ အိပ်စက် အနားယူပါ။ အစားအစာများကို အာဟာရ ညီညွှတ်မျှတပြီး ကျန်းမာရေးနဲ့ အညီ စားသုံးပါ။ လူတိုင်းအပေါ်မှာ မနာလိုခြင်းကင်းကင်းနှင့် စိတ်ကောင်း နှလုံးကောင်း ထားနိုင်အောင် ကြိုးစားပါ။ ကိုယ် ဝါသနာပါတဲ့ အရာများ၊ ကိုယ် ချစ်တဲ့အရာတွေကို အချိန်ပေးကာ လုပ်ဆောင်ပါ။ အလုပ် လုပ်ချိန်တန် အလုပ်လုပ်သလို နားချိန်လည်း အပြည့်အဝ ရယူဖို့ လိုအပ်ပါတယ်။

ကွီးတို့ရော လောကဓံတရားကို ယှဥ်ပြိုင်အံတုဖို့အတွက် ဘယ်လိုနည်းလမ်းများကို အသုံးချကြပါသလဲ။

Source: Helpguide

Featured Image: Freepik