ငွေကြေး စီမံခန့်ခွဲမှု မရှိတဲ့ လူတော်တော်များများ ဝင်ငွေ နဲ့ ထွက်ငွေ မမျှတဲ့ ပြဿနာ ကြုံရပါတယ်။ ကိုယ့်ရဲ့တစ်လတာ ဝင်ငွေထွက်ငွေကို သေချာ စီမံခန့်ခွဲမှုမရှိရင် ပလိုင်းပေါက်နဲ့ ဖားကောက်နေသလို ဖြစ်နေမှာပါ။ သင်ဟာ လစဉ်လတိုင်း လိုလို ငွေကြေးဆိုင်ရာ ပြဿနာတွေနဲ့ တိုင်ပတ်နေတယ်ဆိုရင် မှန်ကန်တဲ့ Financial Balance ချနိုင်ဖို့ အခုပြောပြမယ့် နည်းလမ်းတွေက အသုံးဝင်နိုင်ပါလိမ့်မယ်။
(၁) ဝင်ငွေ ထွက်ငွေ စာရင်းပြုစုပါ
Photo : City of Brisbane, CA
ဝင်ငွေ နဲ့ ထွက်ငွေ Balance မမျှတဲ့ ပြဿနာကို ဖြေရှင်းဖို့ အခြေခံအကျဆုံး သော့ချက်က သင့်ရဲ့ လစဉ် ဝင်ငွေထွက်ငွေ စာရင်းကို သေချာသိဖို့ပါပဲ။ တစ်လ ဝင်ငွေဘယ်လောက်ရတယ် ၊ ထွက်ငွေ ဘယ်လောက်ရှိတယ် ဆိုတာကို အသေးစိတ်ကအစ စာရင်းပြုစုထားပါ။ ဒါမှ မလိုအပ်တဲ့ ငွေယိုပေါက်တွေကို သင်ရှာတွေ့ပြီး ပိတ်နိုင်မှာ ဖြစ်ပါတယ်။
(၂) ဝင်ငွေ ထက်ပိုမသုံးမိအောင် ထိန်းပါ
Photo : Bizfluent
သင့်ရဲ့ တစ်လတာ ထွက်ငွေ က သင်ရှာနေတဲ့ ဝင်ငွေ ထက် ပိုများနေရင် လတိုင်း တိုင်ပတ်နေဦးမှာပါပဲ။ ဒီတော့ ကိုယ့်ရဲ့တစ်လတာ အသုံးစ ရိတ် စာရင်းဇယားကို ပြန်လည်ချိန်ညှိပါ။ ဝင်ငွေနဲ့ထွက်ငွေ မမျှဘူးဆိုရင် အသုံးစရိတ်ကို လျှော့နိုင်သမျှ လျှော့ချပြီး ငွေကြေး စီမံခန့်ခွဲမှု ပြန်လုပ်ဖို့ လိုပါတယ်။
(၃) တစ်ခုခု မဝယ်ခင် စဉ်းစားပါ
Photo : The Balance
စိတ်ခံစားမှုနဲ့ ဝယ်ယူခြင်းဟာ ငွေကြေး မမျှတမှုကို ဖြစ်စေတဲ့ အကြီးဆုံး တရားခံပါပဲ။ အသုံးအဆောင် ပစ္စည်းတစ်ခုခု လိုချင်တိုင်းမှာ မဝယ်ခင် အရင်ဆုံး သေချာပြန်စဉ်းစားပါ။ ဒီပစ္စည်းက သင့်အတွက် အမှန်တကယ်လို အပ်ရဲ့လား ၊ ဘာကြောင့် လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက် ၃ ခုလောက် ထုတ်ကြည့်ပါ။ တစ်ခါတစ်လေ မလိုအပ်ပဲ ဝယ်မိတဲ့အရာတွေက ကျွန်တော်တို့ရဲ့ ထွက်ငွေပမဏကို ပိုများစေလို့ပါ။
(၄) အပျော်အပါး လျော့ပါ
Photo : Canyon News
အပျော်အပါး ကိစ္စတွေနဲ့ပတ်သတ်ပြီးလည်း ငွေအသုံးစရိတ်ကို ကန့်သတ်သင့်ပါတယ်။ ယောကျာ်းလေးဖြစ်တာနဲ့အညီ တစ်ခါတစ်လေမှာ ဘော်ဒါတွေနဲ့ အသောက်အစား ၊ အပျော်အပါး ကဏ္ဍတွေနဲ့ မလွတ်ကင်းနိုင်ပါဘူး။ အပျော်အပါး ကိစ္စတွေကို လုံးဝမလုပ်ဖို့ တားမြစ်တာ မဟုတ်ပေမယ့် တစ်လတည်းမှာ မကြာခဏဆိုရင် သောက်တာစားတာတွေ လုပ်မိနေရင် ဝင်ငွေ ထွက်ငွေ က ဘယ်နည်းနဲ့မှ မမျှနိုင်ပါဘူး။ ဒါကြောင့် ချင့်ချိန်ဆင်ခြင်ပြီး ပျော်ပါ။
(၅) အရံငွေထားပါ
Photo : Fox Business
သင့် ဝင်ငွေ ထဲက လတိုင်း မဖြစ်မနေသုံးရမယ့် အသုံးစရိတ်တွေ အားလုံးကို တွက်ချက်ဖယ်ထုတ်ပြီးတာနဲ့ ကျန်ငွေထဲက တချို့တဝက်ကို အရေးပေါ် အရံငွေ အဖြစ် စုဆောင်းထားသင့်ပါတယ်။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ မျှော်လင့်မထားတဲ့ အခြေအနေတွေအတွက် ငွေသုံးစရာပေါ်လာတဲ့အခါ အရံငွေစုဆောင်းထားတာမရှိရင် ဟိုဆွဲဒီဆွဲ အကြွေးပေါ်အကြွေးဆင့်နဲ့ လစဉ်လတိုင်း တိုင်ပတ်မြဲ ပတ်နေနိုင်ပါတယ်။ ဒါကြောင့် မသုံးမဖြစ်တဲ့အခြေအနေမှ သုံးဖို့ရန် အရံငွေအဖြစ် ငွေစုဆောင်းတဲ့ အလေ့အထကိုလည်း လုပ်ဖို့အကြံပေးချင်ပါတယ်။
Featured Photo : JW.ORG