ကွီးတို့ရေ ဝမ်းချုပ်ခြင်းဟာ လူကြီးလူငယ်မရွေး ကြုံတွေ့နေရတဲ့ ကျန်းမာရေးပြဿနာ တစ်ခုဖြစ်ပါတယ်။ တစ်ပတ်လျှင် ယေဘုယျအားဖြင့် ၃ ရက်ထက်ပို၍ ဝမ်းမသွားပါက ဝမ်းချုပ်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ ဝမ်းချုပ်ခြင်းဟာ ကွီးတို့ ရေပုံမှန်မသောက်ခြင်း၊ စားသောက်မှုပုံစံ မမှန်ခြင်း၊ အမျှင်ဓာတ်စားသုံးမှုနည်းခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းနှင့် အခြားသောကျန်းမာရေး ပြဿနာများကြောင့် ဖြစ်နိုင်ပါတယ်။ ဝမ်းချုပ်ခြင်းကြောင့် ကိုယ်လက်မအီမသာဖြစ်ပြီး သက်တောင့်သက်သာ ရှိမှာ မဟုတ်ပါဘူး။ ထို့အပြင် ဝမ်းချုပ်ခြင်းဟာ ရေရှည်လာတဲ့အခါ လိပ်ခေါင်းရောဂါ၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာနှင့် စအိုကင်ဆာ စတဲ့အသက်အန္တရာယ် ရှိတဲ့ရောဂါတွေ အထိဖြစ်လာနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းဟာ လူတိုင်းဖြစ်လေ့ဖြစ်ထ ရှိပေမယ့် ပေါ့ဆလို့မရပါဘူး။ ဒါကြောင့် “ဝမ်းတစ်လုံးကောင်း ခေါင်းမခဲစေရ” ဆိုတဲ့ ဆိုရိုးအတိုင်း ဝမ်းချုပ်ခြင်းကို သက်သာစေတဲ့ နည်းလမ်းကောင်းလေးတွေကို ကွီးတို့အတွက် မျှဝေပေးလိုက်ပါတယ်။
(၁)အမျှင်ဓာတ် လုံလောက်စွာစားသုံးပါ
Photo : Pyramid Healthcare
ဝမ်းချုပ်ခြင်းကို အဓိက ဖြစ်စေတဲ့အကြောင်းအရင်းတစ်ခုက ကွီးတို့စားတဲ့ အစားအစာ ထဲမှာ အမျှင်ဓာတ် လုံလောက်စွာ မပါဝင်ခြင်းကြောင့်ဖြစ်ပါတယ်။ သစ်သီးများ၊ ဟင်းရွက်များနဲ့ အစေ့အဆံကဲ့သို့သော အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများသည် အစာအိမ်ရဲ့လုပ်ဆောင်ချက်ကို ကူညီပေးသောကြောင့် အစာချေဖျက်မှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။
(၂) ရေများများသောက်ပါ
Photo : Insider
ရေများများသောက်ခြင်းဟာ ဝမ်းချုပ်ခြင်းကို သက်သာစေတဲ့ အလွယ်ကူဆုံးနဲ့ ကုန်ကျစရိတ် အသက်သာဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာ လူတော်တော်များများဟာ ရေသောက်ဖို့ မေ့လျော့နေကြပါတယ်။ တစ်နေ့ကို ရေရှစ်ခွက် သို့မဟုတ် ရေနှစ်လီတာခန့်သောက်ပေးပါ။ တစ်ယောက်နဲ့တစ်ယောက် ရေဓာတ်လိုအပ်ချက် ကွဲပြားသောကြောင့် ကိုယ်လက်လှုပ်ရှားမှုလုပ်နေတဲ့ ကွီးတို့ဆိုရင်တော့ ရေပိုသောက်ဖို့လိုအပ်ပါတယ်။ ကဖိန်းဓာတ်က ရေဓာတ်ကိုဆုံးရှုံး စေသောကြောင့် ကဖိန်းဓာတ် ပါဝင်တဲ့ ကော်ဖီ လက်ဖက်ရည် စသည်တို့ကိုရှောင်ပါ။
(၃) လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ
Photo : Geelong Medical & Health Group
အထိုင်များခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းကလဲ ဝမ်းချုပ်ခြင်းကို ဖြစ်စေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လုပ်ပေးပါက အူမကြီးကို ရွေ့လျားအောင် ကူညီပေးတဲ့အတွက် ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ လမ်းလျှောက်ခြင်းကဲ့သိုသော ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများကပင် ခန္ဓာကိုယ် အတွင်းပိုင်း လှုပ်ရှားစေရန် အကူအညီပေးပါတယ်။ တစ်နေ့ကို အနည်းဆုံးမိနစ် ၃၀ ခန့်လမ်းလျှောက်ပေးပါ။ ဝမ်းချုပ်ခြင်းကို သက်သာစေတဲ့ သီးသန့်လေ့ကျင့်ခန်းများကိုလည်း လေ့လာပြီး လုပ်ဆောင်နိုင်ပါတယ်။
(၄) နို့နဲ့ နိုထွက်ပစ္စည်းကို သုံးဆောင်ပါ
Photo : Daily Mail
နို့နဲ့နို့ထွက်ပစ္စည်း ဖြစ်တဲ့ ဒိန်ချည်စသည်တို့ကို စားသုံးခြင်းကလည်း ကွီးတိုရဲ့ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ဒိန်ချဉ် ကို တစ်နေ့တစ်ခွက်ပုံမှန်သောက်သုံးပေးပါက ဝမ်းမှန်စေပါတယ်။
(၅) အောင့်မထားပါနဲ့
Photo : Plant Based Junior
အလေးသွားချင်တဲ့ အခါ အခြေအနေ အမျိုးမျိုးကြောင့် မသွားဖြစ်ဘဲ အောင့်ထားမိပါသလား။ ချက်ချင်းသွားဖို့ အခြေအနေမပေးတာမျိုး ကြုံရပါသလား။ တစ်ခါတစ်လေ ဆိုရင်တော့ ကိစ္စမရှိပေမယ့် အမြဲလိုလိုဖြစ်နေရင်တော့ ကွီးတို့အနေနဲ့ ဝမ်းချုပ်လာပါလိမ့်မယ်။ ထိုအလေ့အကျင့်ကို ပြင်ရပါမယ်။ အလေးသွားချင်လာတဲ့ အခါ အောင့်မထားဘဲ ချက်ချင်းသွားပါ။
အခုဖော်ပြပေးလိုက်တဲ့ ဝမ်းချုပ်ခြင်းကို သက်သာစေတဲ့ နည်းလမ်းတွေကို လိုက်နာကျင့်သုံးခြင်းဖြင့် ဝမ်းချုပ်ခြင်း သက်သာပြီး ပိုမိုကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
Source : Health
Featured Photo : Patriciaboorman