အခုခေတ် စုံတွဲတွေအနေနဲ့ မင်္ဂလာဆောင်ပြီးချိန်မှာ ဟန်းနီးမွန်းခရီး ထွက်တာတွေ ခေတ်စားလာပါတယ်။ ဟန်းနီးမွန်းခရီးဆိုတာ ကြင်စဦးဇနီးမောင်နှံ၂ ဦးစလုံးရဲ့ တစ်သက်တာ အမှတ်ရနေမယ့် ခရီးစဉ်ဖြစ်ပါတယ်။ ဟန်းနီးမွန်းမှာ အေးအေးဆေးဆေး အပန်းဖြေရင်း ကြည်နူးဖွယ်ကောင်းတဲ့ အချိန်တွေကို ဖန်တီးကြရတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ အနေနဲ့ ဟန်းနီးမွန်းခရီး ထွက်တဲ့အခါ လိုက်နာရမယ့် ဆောင်ရန်ရှောင်ရန် အချက်တွေအကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။

(၁) မင်္ဂလာဆောင်ပြီး နောက်ရက်မှ ခရီးသွားပါ

Photo : Impiana Private Villas

တကယ်တော့ မင်္ဂလာဆောင်ပြီးတာနဲ့ ဟန်းနီးမွန်းခရီး ချက်ချင်းထွက်တာက ပျော်စရာကောင်းတယ်လို့ ထင်ရပေမယ့် သိပ်မကောင်းတဲ့အကြံတစ်ခုပါ။ မင်္ဂလာပွဲအတွက် စီစဉ်ရလို စိတ်ရောကိုယ်ပါပင်ပန်းနေတဲ့အချိန် အနားမယူဘဲ ခရီးထွက်မယ်ဆိုရင် ကွီးတို့ထင်သလောက်ပျော်ရမှာ မဟုတ်ပါဘူး။ မင်္ဂလာဆောင်ပြီး နောက်ရက်မှ ခရီးထွက်မယ်ဆိုရင် တစ်ညတာအနားယူပြီးသားဖြစ်သလို ခရီးမသွားခင် မိသားစု ၊ သူငယ်ချင်းတွေနဲ့လည်း အေးအေးဆေးဆေး နှုတ်ဆက်ဖို့ အချိန်ရပါတယ်။

(၂) ဟိုတယ်မှာပဲ တစ်ချိန်လုံး မဖြတ်သန်းပါနဲ့

Photo : Freepik

ဟန်းနီးမွန်းမှာ အနားယူအပန်းဖြေတာ ပုံမှန်ဆိုပေမယ့် ဘယ်ဆိုဘယ်မှမသွားဘဲ တည်းတဲ့ ဟိုတယ်မှာပဲ အချိန်ဖြုန်းတာကတော့ အကြံကောင်းမဟုတ်ပါဘူး။ ဟန်းနီးမွန်းလာရင်း မြို့ထဲလျှောက်လည်တာ၊ ဟိုတယ်အနီးနား နေရာတွေကို လည်ပတ်တာတွေ လုပ်လို့ရပါတယ်။ ကွီးတို့က ဟိုတယ်ရေကူးကန်ဘေးမှာပဲ အေးဆေးအနားယူလို့ရတယ်လို့ ထင်နိုင်ပေမယ့် ကွီးတို့သွားမယ့် နေရာအနီးတဝိုက်မှာ တခြားလုပ်စရာတွေ အများကြီးရှိနိုင်တာကြောင့် ဘယ်လိုစိတ်ဝင်စားရာတွေရှိလဲဆိုတာ ရှာကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၃) ဆိုရှယ်မီဒီယာတွေ ခဏနားထားလိုက်ပါ

Photo : Soul Food Cafe

ကွီးတို့အနေနဲ့ အိမ်ထောင်ဖက် အသစ်စက်စက်လေးနဲ့ တသက်တာ ကောင်းမွန်တဲ့အမှတ်တရတွေကို ဖန်တီးချင်တယ်ဆိုရင် ဟန်းနီးမွန်းခရီးကို အမှန်တကယ်ပဲ ကောင်းကောင်း အသုံးချဖို့လိုပါတယ်။ ဒါ့ကြောင့် ဟန်းနီးမွန်းရောက်ရင် ဖုန်းတွေပဲကိုင်ပြီး ဆိုရှယ်မီဒီယာ သုံးနေတာမျိုး အထူးရှောင်ကြဉ်ပါ။ ကိုယ်ဘာလုပ်နေတယ်၊ ဘယ်ရောက်နေတယ်ဆိုတာတွေကို ဖေ့စ်ဘုတ်ပေါ်မှာပဲတင်ဖို့ မကြိုးစားပဲ ကွီးတို့ဖုန်းကို ခဏနားပြီး ပျော်စရာအခိုက်အတန့်တွေ ဖန်တီးလိုက်ဖို့ ပြောချင်ပါတယ်။

(၄) ကပ်စီးမနည်းပါနဲ့

Photo : Yahoo Finance

တကယ်လို့ ကွီးတို့ရဲ့ ဟန်းနီးမွန်းခရီး ကို ပျော်စရာကောင်းချင်တယ်ဆိုရင် ခရီးစဉ်တလျောက်မှာ အသုံးအစွဲချွေတာဖို့ကိုချည်း စဉ်းစားမနေဖို့ မှာချင်ပါတယ်။ တသက်မှာ တစ်ခါ မင်္ဂလာဆောင်နဲ့ ဟန်းနီးမွန်းခရီးစဉ်အတွက် သင့်လျော်တဲ့ ဘတ်ဂျက်တစ်ခုတော့ သုံးရမှာပါ။ ဒါပေမယ့် ကိုယ်မတတ်နိုင်တဲ့နှုန်းထားတွေကို သုံးဖို့ဆိုလိုတာ မဟုတ်ပါဘူး။ ဆိုလိုချင်တာက ဟန်းနီးမွန်းအတွက် ကိုယ်သုံးမယ့် ဘတ်ဂျက်ကို တခါတည်းအပိုအလို စဉ်းစားထားရင် ခရီးသွားတဲ့အခါ ပိုက်ဆံတွက်နေရတာမျိုး မဖြစ်တော့ပါဘူး။

(၅) ရာသီဥတုကို ကြိုတင်လေ့လာသွားပါ

Photo : Reader’s Digest

ဟန်းနီးမွန်းခရီး ထွက်မယ်ဆိုရင် ခရီးစဉ်ကို ကြိုတင်မစီစဉ်ခင်မှာ ကွီးတို့မျက်စိကျနေတဲ့ နေရာအတွက် ဒေသအလိုက် ရာသီဥတုအခြေအနေကို လေ့လာကြည့်သင့်ပါတယ်။ ဥပမာ ကိုယ်သွားမယ့်ဒေသက မိုးရွာတတ်တာလား၊ ရာသီဥတုပူတတ်လား၊ တောင်တန်းဒေသတွေလား စသည်ဖြင့်ပါ။ ဒီလိုနေရာဒေသ နဲ့ ရာသီဥတုအခြေနေကို ကြိုတင်ခန့်မှန်းလေ့လာထားတာက ဟန်းနီးမွန်းမှာ ကောင်းကောင်းအနားယူဖို့ သေချာစေသလို ခရီးသွားရင်းဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေအတွက်လည်း ကြိုတင်အစီအစဉ်ချနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Daily Travel Pill