မကြာခင်မှာ မင်္ဂလာပွဲဆင်နွှဲပြီး ဟန်းနီးမွန်း ထွက်ဖို့ အစီအစဉ်ဆွဲနေတဲ့ ကွီးတို့ရှိပါသလား။ ကြင်စဦးဇနီးမောင်နှံတို့ အတွက် ဟန်းနီးမွန်းခရီးဆိုတာ ၎င်းတို့ဘဝ တစ်သတ်တာမှာ မမေ့နိုင်စရာ အမှတ်တရ ခရီးလေးပါ။ ဒီလို ခရီးလေးမှာ အစစအရာရာ အဆင်ပြေပြီး ကြင်စဦး မောင်နှံတို့အတွက် ကြည်နူးမှုနဲ့ ပြည့်စုံဖို့ဆိုရင် ကြိုတင်ပြင်ဆင်သင့်ပါတယ်။ ဒါကြောင့် ဟန်းနီးမွန်း ထွက်ဖို့အတွက် စဉ်းစားနေတဲ့ ကွီးတို့အတွက် အဆင်ပြေချော‌မွေ့စေဖို့ ပြင်ဆင်ရမဲ့ အချက်များ ကိုဖော်ပြပေးချင်ပါတယ်။

အစစအရာရာ ကြိုတင်တိုင်ပင်ပါ

ဟန်းနီးမွန်း ပြင်ဆင်ရမဲ့

Photo : Wedding Wine

ကြင်စဦးမောင်နှံတို့အတွက် ဟန်းနီးမွန်း ထွက်ဖို့ အတွက် အစစအရာရာ ကြိုတင်တိုင်ပင်ပါ။ ဒီဟန်းနီးမွန်းခရီးစဉ် အတွက် သုံးမဲ့ ငွေကြေးပမာဏကို ကြိုတင်သတ်မှတ်ထားပါ။ ကွီးတို့အနေနဲ့ မင်္ဂလာပွဲပြီးတာနဲ့ တန်းသွားမလား ဒါမှမဟုတ် ရက်အနည်းငယ်ခြားပြီးမှ သွားမလား စသည်ဖြင့် တိုင်ပင်ဆုံးဖြတ်ထားပါ။

ဟန်းနီးမွန်းထွက်ဖို့နေရာ ရွေးချယ်ပါ

ဟန်းနီးမွန်း ပြင်ဆင်ရမဲ့

Photo : AURONIA wedding rings

ဟန်းနီးမွန်းထွက်ဖို့ တိုင်ပင်ကြပြီဆိုရင် အမေးများတာကတော့ “ငါတို့ရဲ့ ဟန်းနီးမွန်းကို ဘယ်သွားရမလဲ” ဆိုတာပါပဲ။ တစ်ခါတစ်ရံ ဟန်းနီးမွန်းထွက်ဖို့ရွေးချယ်ရာမှာ ဘယ်နေရာကိုရွေးချယ်ရမှန်းမသိ ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ အရင်ဆုံး ကွီးတို့သွားမဲ့ ရာသီဥတုနဲ့ အဆင်ပြေမဲ့နေရာရွေးချယ်ပါ။ ထို့နောက် ကြင်စဦးမောင်နှံ နှစ်ဦးစလုံး ကြိုက်နှစ်သက်တဲ့ နေရာဖြစ်ပါစေ။ ကွီးတို့သတ်မှတ်ထားတဲ့ Budget နဲ့လည်း ကိုက်ညီပါစေ။ ဒါဆိုရင်တော့ ကွီးတို့ရွေးချယ်ရတာ ပိုမို လွယ်ကူသွားမှာပါ။

ဟန်းနီးမွန်းထွက်ဖို့နေရာရဲ့ ရာသီဥတု လေ့လာပါ

ဟန်းနီးမွန်း ပြင်ဆင်ရမဲ့

Photo : Joy

ဟန်းနီးမွန်း ထွက်ဖို့ ပြင်ဆင်ရမဲ့ အချက်ထဲမှာ ကွီးတို့ရဲ့ ဟန်းနီးမွန်း ထွက်မဲ့ဒေသရဲ့ ရာသီဥတုကိုလေ့လာထားဖို့ ကလည်း အရေးပါပါတယ်။ သာယာလှပတဲ့ ရာသီဥတုကလည်း ကွီးတို့ရဲ့ လှပတဲ့ ပျားရည်ဆမ်းခရီးကို ပိုမိုချိုမြိန်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ ဒါ့အပြင် သွားမဲ့နေရာ‌ဒေသအလိုက် လိုအပ်တဲ့ အဝတ်အစားများနဲ့အသုံးအဆောင်များကိုလည်း သေချာထုတ်ပိုးသွားဖို့ လိုအပ်ပါတယ်။ ထို့နောက် ကွီးတို့ သွားမဲ့နေရာ ဒေသရဲ့ လက်ရှိ အခြေအနေကိုလည်း လေ့လာထားရန်လိုအပ်ပါတယ်။ နေရာသစ်တစ်ခုကိုသွားမယ်ဆိုရင် ဘယ်လိုခရီးစဉ်မျိုးပဲဖြစ်ဖြစ် ဘေးကင်းလုံခြုံဖိုက အဓိကပါပဲ။

တည်းခိုမဲ့ နေရာအတွက် ကြိုတင်စီစဉ်ပါ

honeymoon

Photo : The Knot

ကွီးတို့ရေ ဟန်းနီးမွန်းထွက်ဖို့နေရာ ရွေးချယ်ပြီးပြီဆိုရင်တော့ တည်းခိုမဲ့ နေရာအတွက် ကြိုတင်ပြီး Booking တင်တာမျိုးလုပ်သင့်ပါတယ်။ ဖြစ်နိုင်လျှင် စောနိုင်သမျှစောစော အချိန်ယူပြီး ကွီးတို့တည်းခိုမဲ့ နေရာကို ရွေးချယ်သင့်ပါတယ်။ ကွီးတို့လိုချင်တဲ့ ဝန်ဆောင်မှုများရရှိနိုင်မှု ရှိ၊မရှိ သေချာစွာ မေးမြန်းသင့်ပါတယ်။ ကွီးတို့ရဲ့ ဟန်းနီးမွန်း ခရီးစဉ်တစ်လျှောက်လုံး အဆင်ပြေချောမွေ့စေဖို့ ပြင်ဆင်ရမဲ့ အချက်တွေထဲမှာ ဒီအချက်ကလည်း အရေးပါပါတယ်။

ဘယ်လို အမှတ်တရမျိုး ဖန်တီးကြမလဲဆိုတာ တိုင်ပင်ထားပါ

honeymoon

Photo : Wedding Wine

ကွီးတို့ရဲ့ ဟန်းနီးမွန်း ထွက်မဲ့နေရာမှာ လုပ်လို့ရမဲ့ Activity တွေ၊ ဇနီးမောင်နှစ်ဦး ဘယ်လို အမှတ်တရလေးတွေ ဖန်တီးကြမလဲ ဆိုတာ ကြိုတင်စဉ်းစားရတာလည်း ပျော်ဖို့ကောင်းမှာပါ။ ကြင်စဦးဇနီးမောင်နှံတို့ အတွက် ဟန်းနီးမွန်းဆိုတာ တန်ဖိုးရှိပြီး စိတ်လှုပ်ရှားစရာ၊ ကြည်နူးစရာ အတွေ့အကြုံတွေနဲ့ ပြည့်နှက်စေမဲ့ ခရီးစဉ်လေးပါ။ ဒီလို အမှတ်တရ ခရီးလေးကို သေချာ ကြိုတင်ပြင်ဆင်ပြီးမှ သွားခြင်းဖြင့် စိတ်ဖိစီးမှုကင်းကင်းနဲ့ ကွီးတို့ ပူပူနွေးနွေး ဇနီးမောင်နှံတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ အချစ်တွေ ထုံလွှမ်းနေတဲ့ ပျော်ရွှင်စရာ အချိန်လေး ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Honeymoon