ဟယ်ရီကိန်း အိုဆင်မန် မာတီနက်ဇ် အစရှိတဲ့ ထိပ်တန်း တိုက်စစ်မှူးတွေကို ခေါ်ယူ အားဖြည့်နိုင်ခဲ့ခြင်း မရှိတဲ့ မန်ယူဟာ နွေရာသီမှာ အတ္တလန်တာအသင်းရဲ့ ဒိန်းမတ် တိုက်စစ်မှူးလေး ရက်မတ်စ် ဟွိုင်လန်းဆိုသူကိုသာ ခေါ်ယူခဲ့ရပါတယ်။ ဒီ အသက်(၂၀)အရွယ် ကစားသမားလေးအတွက် မန်ယူက အတ္တလန်တာကို ပြောင်းရွှေ့ကြေး ပေါင် (၇၂)သန်းအထိတောင် ပေးချေခဲ့ရပါတယ်။
Photo Credit : Reuters
တကယ်တော့ ဒီလို အသက်အရွယ် ငယ်ရွယ်ပြီး ကိုပင်ဟေဂင် စတမ်းဂရက်ဇ် နဲ့ အတ္တလန်တာမှာသာ ကစားခဲ့ဖူးသေးတဲ့ အတွေ့အကြုံနုနယ် ကစားသမား ၊ မန်ယူကို ရောက်မလာခင် အရှေ့က ကလပ်အသင်းတွေအတွက် (၂၇)ဂိုးသာ သွင်းယူနိုင်သေးတဲ့ ကစားသမားအတွက် မန်ယူက ပေါင် (၇၂)သန်းတောင် အသုံးပြုခဲ့ပါတယ်။ မန်စီးတီးက ဟာလန်းနဲ့ နာမည်ချင်းဆင်တူနေတာနဲ့တင် ဒီကစားသမားကို ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တဲ့ ဟွိုင်လန်းဟာ သူရဲ့ မန်ယူကစားသမားဘဝ ပွဲဦးထွက်ကိုတော့ ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပါတယ်။
Photo Credit : Eurosport
ဟွိုင်လန်းက မန်ယူကို ပြောင်းရွှေ့လာမှပဲ ချန်ပီယံလိဂ်ပြိုင်ပွဲကိုပါ ပထမဆုံးအကြိမ်အဖြစ် ဆင်နွဲခွင့် ရရှိခဲ့ပြီး အုပ်စုပွဲစဉ် (၆)ပွဲအတွင်း သွင်းဂိုး (၅)ဂိုးအထိပါ သွင်းယူနိုင်ခဲ့ပါတယ်။ မန်ယူက ဒီရာသီမှာ ချန်ပီယံလိဂ်ကို အုပ်စုအဆင့်ကနေ ပြုတ်ခဲ့ရပေမယ့်လည်း ဟွိုင်လန်းက ဟာလန်း မိုရာတာ ဂရီးဇ်မန်းတို့နဲ့အတူ ချန်ပီယံလိဂ် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ်ဘက်မှာတော့ ပွဲစဉ် (၁၄)အထိ ကစားပြီးတာတောင် ဟွိုင်လန်းက သွင်းဂိုးရော ဂိုးဖန်တီးမှုပါ တစ်ကြိမ်တစ်လေမှ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။
Photo Credit : Manchester United X
ကစားသမားဘဝရဲ့ ပရီးမီးယားလိဂ် (၁၅)ပွဲမြောက်မှာတော့ ဟွိုင်လန်းက သူ့အတွက် ပထမဆုံးသော ပရီးမီးယားလိဂ် သွင်းဂိုးကို စတင် သွင်းယူနိုင်ခဲ့သလို အဲ့ဒီဂိုးနဲ့ပဲ မန်ယူအသင်းကလည်း (၃)ဂိုး (၂)ဂိုးနဲ့ comeback နိုင်ပွဲကို ပိုင်ဆိုင်ခဲ့ရပါတယ်။ မန်ယူအသင်းနဲ့အတူ ဈေးဦးပေါက် ပရီးမီးယားလိဂ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဟွိုင်လန်းဟာ ပွဲအပြီးမှာ သူက လက်ရှိ ကမ္ဘာပေါ်မှာ အပျော်ဆုံး လူသားတစ်ဦး ဖြစ်နေကြောင်းနဲ့ ဒီလို ဂိုးမျိုးသွင်းယူနိုင်ဖို့ အချိန်တစ်ခုလောက်အထိ စောင့်ဆိုင်းခဲ့ရတာဖြစ်လို့ အရမ်း ပျော်ရွှင်မိကြောင်း ရင်ဖွင့်လာခဲ့ပါတယ်။
Featured Photo : Manchester United X