ကွီးတို့ရေ အချစ်ကို ဘယ်လို သတ်မှတ်ပါသလဲ။ ကမ္ဘာပေါ်မှာ ချစ်ခြင်းမေတ္တာကို ဖွင့်ဆိုတဲ့ အဓိပ္ပာယ်တွေ အများကြီး ရှိပြီး တစ်ယောက်နဲ့တစ်ယောက် သတ်မှတ်ပုံလည်း မတူကြပါဘူး။ သေချာတာတစ်ခုကတော့ ချစ်ခြင်းမေတ္တာဟာ အမှန်တစ်ကယ်ကို လှပပြီး စိတ်လှုပ်ရှား ကြည်နူးဖွယ်ကောင်းတဲ့ အရာတစ်ခုပါ။ ချစ်ခြင်းမေတ္တာပေါ်မှာ အခြေခံပြီး တည်ဆောက်ထားတဲ့ ဆက်ဆံရေးတစ်ခု တစ်နည်းအားဖြင့် Relationship တစ်ခုက သာယာပျော်ရွှင်ပြီး စိတ်လှုပ်ရှားမှုတွေ၊ စိတ်ကူးယဉ်ဆန်မှုလေးတွေနဲ့ ပြည့်နှက်နေရင် အကောင်းဆုံးပါပဲ။

သို့သော်လည်း Relationship တစ်ခုဆိုတာ လူနှစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာပါ ပတ်သတ်ဆက်နွယ်ပြီး တည်ဆောက်ရတာကြောင့် အမြဲတမ်း အဆင်ပြေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အမြဲတမ်း အဆင်ပြေပျော်ရွှင်ဖို့အတွက် အချင်းချင်း ညှိနှိုင်းမှုတွေ လိုအပ်ပါတယ်။ တစ်ဖက်သတ်ကြီး ကိုယ်ကပဲ အနိုင်ယူလို့ရတဲ့ အရာလည်း မဟုတ်ပါဘူး။ ဒါကြောင့် အချစ်ဆိုတာ နှစ်ယောက်ကစားနိုင်ပြီး နှစ်ယောက်လုံး အနိုင်ရတဲ့ဂိမ်း တစ်ခုလို့ ပြောပါရစေ။

နားလည်မှု လိုအပ်ပါတယ်

အချစ်ဆိုတာ အနိုင်ရတဲ့ဂိမ်း

Photo : Sonima

ကွီးတို့ရေ အချစ်မှာ ကိုယ့်ဘက်ကချည်း အနိုင်ပေးရတာ ဒါမှမဟုတ် ကိုယ့်ဘက်ကချည်းပဲ အနိုင်လိုချင်တာ၊ ကိုယ့်သဘောအတိုင်း အရာအားလုံးဖြစ်ချင်တာ၊ စတဲ့ အခြေအနေမျိုးမှာ နှစ်ဦးနှစ်ဖက်လုံးအတွက် ပျော်ရွှင်ကြည်နူးမှု မရနိုင်ပါဘူး။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုနဲ့ နားလည်မှုထားရှိပါ။ ကိုယ်ဖြစ်ချင်တာ၊ သူဖြစ်ချင်တာ စတာတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်ပါ။ အချင်းချင်းနားလည်မှုနဲ့ ရှေ့ဆက်လျှောက်ပါ။ ဒါ့အပြင် တစ်ခုခုကို ဆုံးဖြတ်တာ၊ ညှိနှိုင်းတာမှာ ကိုယ့်ရဲ့ ထင်မြင်ချက်၊ ယူဆချက်တွေကလည်း အရေးကြီးသလို တစ်ဖက်သားရဲ့ ဆုံးဖြတ်ချက်များကိုလည်း လေးစားလိုက်နာပေးပါ။ ဒါ့အပြင် အပြုအမူ အပြောအဆိုများကိုလည်း လေးလေးစားစားနဲ့ ဆက်ဆံပေးတာဟာ တစ်ဖက်သား အပေါ်ကိုယ့်ရဲ့ အလေးထားမှုကို ပြသရာလည်း ရောက်ပါတယ်။

အပြန်အလှန် သစ္စာရှိမှု လိုအပ်ပါတယ်

အချစ်ဆိုတာ အနိုင်ရတဲ့ဂိမ်း

Photo : Regain

ချစ်ခြင်းမေတ္တာနဲ့ တည်ဆောက်ထားတဲ့ Relationship တစ်ခုမှာ အရေးအကြီးဆုံးကတော့ တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိမှုပါ။ ကိုယ်ချစ်တဲ့သူက ကိုယ့်အပေါ်ထားတဲ့ သစ္စာရှိမှုကို အလွဲသုံးစားမလုပ်ပါနဲ့။ ကိုယ်တိုင် စစ်မှန်ပါစေ၊ အရာတိုင်းကို မဆိုလိုသော်လည်း တစ်ဖက်သားကို ကိုယ့်ရဲ့ သိသင့်သိထိုက်သော အကြောင်းအရာများကို ပွင့်ပွင့်လင်းလင်းသိရှိပါစေ။ သံသယတွေနဲ့ ပြည့်နှက်နေတဲ့ Relationship မျိုးက ပျော်ရွှင်မှုရမှာ မဟုတ်ပါဘူး။ ကိုယ့်ဘက်က ဟန်ဆောင်မှုကင်းတဲ့ စစ်မှန်ခြင်းနဲ့ သစ္စာရှိမှုကို အရင်ဆုံးပေးလိုက်ပါ။ တစ်ဖက်ကလည်း ထိုနည်းအတိုင်း ပြန်လည် ရောင်ပြန်ဟပ်ပါလိမ့်မယ်။ အချင်းချင်း အပြန်အလှန် သစ္စာရှိပြီး တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုနဲ့ ဆက်လျှောက်ရင် ကွီးတို့ရဲ့ ချစ်ခရီးဟာ သာယာမှာပါ။

ချုပ်ချယ်လွန်းတာမျိုး မလုပ်ပါနဲ့

Photo : Dream Humanity

ဆက်ဆံရေးတစ်ခုမှာ အမျိုးသားဘက်ကဖြစ်ဖြစ်၊ အမျိုးသမီးဘက်ကဖြစ်ဖြစ် အရာရာကို သံသယဖြစ်ပြီး မယုံသင်္ကာ စိတ်နဲ့ထိန်းချုပ်တာ၊ အရာရာကို သဝန်တိုလွန်းတာမျိုးက ဘယ်လောက်ပဲချစ်လို့ ဖြစ်ပါစေ၊ မမှန်ကန်ပါဘူး။ ဒီအချက်ကြောင့်ပဲ လူနှစ်ဦးကြားထဲမှာ မကြာခဏပြဿနာတတ်တာ၊ ရန်ဖြစ်တာ စသည်တို့ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ဒီဆက်ဆံရေးအပေါ်မှာ နှစ်ဦးစလုံး ပင်ပန်းလာနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်ကို အပေါ်မှာ ဖော်ပြထားတဲ့ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုနဲ့ ယုံကြည်မှုတို့ ထားရှိပြီး ပြောင်းလဲပါ။

ကွီးတို့ရေ အချစ်မှာ နစ်နာတယ်၊ ဆုံးရှုံးတယ်ဆိုတာ မရှိပါဘူး။ အမှန်တစ်ကယ် အချင်းချင်း ချစ်မြတ်နိုးကြတဲ့ လူနှစ်ဦးဟာ အပေါ်က ဖော်ပြပေးထားတဲ့ အချက်လေးတွေကို လိုက်နာရုံနဲ့ တစ်ဘဝလုံး သာယာပျော်ရွှင်နိုင်ပါတယ်။ အချင်းချင်း နားလည်မှု၊ ဖေးမမှု၊ သစ္စာရှိမှုတွေနဲ့ ကိုယ့်ကြောင့် သူပျော်ရွှင်ကြည်နူးရသလို၊ သူကြောင့် ကိုယ်ပျော်ရွှင်ကြည်နူးရပြီး စိတ်ချမ်းသာရရင် အချစ်ဆိုတာ နှစ်ယောက်လုံး အနိုင်ရတဲ့ဂိမ်း ပဲ မဟုတ်ပါလား။

Featured Photo : David