အစားလွန်ရောဂါ ကို Binge Eating Disorder လို့ခေါ်ပါတယ်။ အထိန်းအကွပ်မဲ့ အလွန်အကျွံ စားသောက်ခြင်း ၊ စားပြီးရင်း ထပ်ထပ်ပြီး စားချင်စိတ်ဖြစ်ပေါ်ခြင်း ၊ စားသောက်မှုပုံမှန် မူမမှန်ခြင်းစတာတွေဟာ အစားလွန်ရောဂါ ရဲ့ သိသာထင်ရှားတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ပမဏ ခပ်များများစားတက်တဲ့ အစားကြီးသူတွေ ရှိကြပေမယ့် အစားလွန်ရောဂါ ခံစားနေရသူတွေကတော့ အချိန်ရှိသ၍ စားချင်စိတ်သောက်ချင်စိတ်တွေပဲ အလွန်အကျွံ ဖြစ်ပေါ်နေပြီး မရပ်မနား စားနေမိမှာ ဖြစ်ပါတယ်။

အစားလွန်ရောဂါနဲ့ ရင်ဆိုင်နေရရင် မည်သို့ ခံစားရမည်နည်း

အစားလွန်ရောဂါ Binge Eating Disorder နဲ့ ရင်ဆိုင်နေရသူတွေဟာ ကိုယ်ဘယ်လောက်စားနေမိတယ်ဆိုတာကိုပင် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့နေတက်ပါတယ်။ တစ်ခါတစ်ရံမှာ ဗိုက်မဆာပေမယ့်လည်း တစ်ယောက်တည်း တိတ်တိတ်လေးကြိတ်ပြီး စားနေမိတက်ပါတယ်။ အစားအလွန်အကျွံစားခြင်းနဲ့အတူ အပြစ်ရှိသလို ခံစားရခြင်း၊ ရှက်ရွံခြင်းနဲ့ ဝမ်းနည်းခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို ခံစားရတက်ပါတယ်။ အဆိုးဆုံးကတော့ ကိုယ့်ရဲ့ အစားအသောက်လွန်ကဲမှု အပြုအမူတွေအတွက် ရှက်ရွံ့ပြီး သူငယ်ချင်း နဲ့ မိသားစုတွေကိုပါ ရှောင်ဖယ်ကာ အချိန်ကြာလာတာနဲ့အမျှ အထီးကျန်ခြင်း ဝေဒနာကိုပါ ခံစားလာရနိုင်ပါတယ်။

အစားလွန်ရောဂါ နဲ့ Bulimia ရောဂါက တူညီပါသလား

Bulimia Eating Disorder နဲ့ Binge Eating Disorder ရောဂါနှစ်ခုမှာ အချို့သော လက္ခဏာတွေက တူညီတယ်လို့ ထင်ရပေမယ့်လည်း တကယ်တော့ လုံးဝကွဲပြားပါတယ်။ Bulimia ဆိုတာကတော့ အလွယ်မှတ်မယ်ဆိုရင် ဝိတ်တက်မှာကို အလွန်အမင်း စိုးရိမ်ပြီး အဓိကအားဖြင့် အစားစားပြီးတိုင်းမှာ စားထားသမျှကို ကိုယ်တိုင်ပြန်အန်ထုတ်တာ သို့မဟုတ် ဝမ်းနုတ်ဆေး /ဆီးဆေးတွေ အသုံးပြုတာ ၊ လေ့ကျင့် ခန်း အလွန်အကျွံလုပ်တာတွေကို ပြုလုပ်တာကို ခေါ်ပါတယ်။ အစားအသောက်တွေကို စားပြီးတိုင်းမှာ ပြန်အန်ထုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စားတဲ့အတွက် စားတဲ့ပမဏကို မထိန်းချုပ်တော့ပဲ အလွန်အကျွံအများကြီး စားမိတက်ကြပါတယ်။ အဲ့ဒီကနေ တဆင့် Binge Eating Disorder လိုပဲ ကိုယ့်ကိုယ်ကို ရှက်ရွံခြင်း ၊ အပြစ်ရှိသလို ခံစားရခြင်း စတဲ့ အပျက်သဘောဆောင်တဲ့ ခံစားချက်တွေကို ခံစားလာရနိုင်ပါတယ်။

အစားလွန်ရောဂါက ဘယ်သူတွေမှာ အဖြစ်များသလဲ

အစားလွန်ရောဂါဟာ အသက်အရွယ်မရွေး ၊ ကျားမ မရွေးဖြစ်နိုင်ခြေရှိတဲ့ ရောဂါတစ်ခုပါ။ စစ်တမ်းတွေအရ အမေရိကန်နိုင်မှာ အစားလွန်ရောဂါ ခံစားနေရသူအများစုဟာ အမျိုးသမီးတွေ ဖြစ်ကြပြီး အမျိုးသားတွေမှာလည်း ဖြစ်ပွားတာ တွေ့ရပါတယ်။ ရာခိုင်နှုန်းအရ ပြောမယ်ဆိုရင် အမေရိကန်လူဦးရေရဲ့ အမျိုးသား ၂ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၃.၅ ရာခိုင်နှုန်းအထိ ဖြစ်ပွားလေ့ ရှိပါတယ်။ အမျိုးသားတွေကတော့ လူလတ်ပိုင်းအရွယ်မှာ ပိုပြီး ဖြစ်နိုင်ခြေများပါတယ်။ ဆယ်ကျော်သက် ၁.၆ ရာခိုင်နှုန်းလောက်ကလည်း အစားလွန်ရောဂါ ခံစားနေကြရပါတယ်။

ကိုယ်အလေးချိန်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ

ဒါကတော့ သံသယဖြစ်စရာ မရှိပါဘူး။ အစားလွန်ရောဂါ ခံစားနေရသူတွေဟာ အဝလွန်ခြင်းနဲ့ ရင်ဆိုင်နေကြရပါတယ်။ ရောဂါရှိသူ သုံးပုံနှစ်ပုံခန့်ဟာ အဝလွန်သူများဖြစ်ကြပြီး လေ့လာမှုတစ်ခုအရ ကိုယ်အလေးချိန်လျှော့ချတဲ့ကုထုံး ကုသမှုခံယူသူတွေရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကလည်း အစားလွန်ရောဂါ ဖြစ်ပွားနေကြသူတွေ ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ ကိုယ်အလေးချိန်များသူ သို့မဟုတ် အဝလွန်နေသူတွေမှာ နှလုံးရောဂါ ၊ သွေးတိုးနဲ့ အမျိုးအစား ၂ ဆီးချိုရောဂါကဲ့သို့ နာတာရှည် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေလည်း ခံစားလာရနိုင်ပါတယ်။

စိတ်ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ

အစားလွန်ရောဂါခံစားနေရသူတွေမှာ စိတ်ကျရောဂါ ၊ စိတ်အတက်အကျမြန်တဲ့ ရောဂါနဲ့မူးယစ်ဆေးဝါးသုံးစွဲခြင်း စတာတွေနဲ့ဆင်တူတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ကြုံတွေ့ ခံစားရနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ စိတ်ဖိစီးမှု ခံစားရခြင်း ၊ ညဘက် ကောင်းကောင်း အိပ်မပျော်ခြင်း နဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားတန်ဖိုးထားမှု နည်းပါးခြင်း ၊ မိမိရဲ့ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်ကို စိတ်တိုင်းမကျခြင်း စတဲ့ မကောင်းတဲ့ စိတ်ခံစားချက်တွေနဲ့ ရုန်းကန်ရနိုင်ပါတယ်။

Binge Eating Disorder ကို ဘာတွေက ဖြစ်စေသလဲ

ကျွမ်းကျင်သူတွေ ကတော့အစားလွန်ရောဂါ Binge Eating Disorder ကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ အတိအကျရယ်လို့ မရှိဘူးလို့ ဆိုပါတယ်။ လူတစ်ဦးရဲ့ မျိုးရိုးဗီဇ ၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေအပြင် တခြားသော အကြောင်းအရင်းများစွာနဲ့လည်း သက်ဆိုင်မှုရှိ နေနိုင်ပါတယ်။ Diet လုပ်တာကလည်း Binge Eating Disorder ကို ဖြစ်စေနိုင်တယ်လို့ ယူဆရပေမယ့် အတိအကျပြောဖို့တော့ ခက်ပါတယ်။ များသောအားဖြင့် စိတ်ပိုင်းဆိုင်ရာပြဿနာ ခံစားနေရသူတွေ ၊ ခန္ဓာကိုယ် ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး စိတ်ထိခိုက်စရာ အဖြစ် အပျက်တွေ ကြုံတွေ့ခဲ့ဖူးသူတွေ ၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု နည်းပါးသူတွေမှာ အစားလွန်ရောဂါ Binge Eating Disorder ဖြစ်ပွားလေ့ရှိကြပါတယ်။

အစားလွန်ရောဂါခံစားနေရတယ်လို့ ကိုယ့်ကိုယ်ကို သံသယရှိပါက ကျွမ်းကျင်နဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါတယ်။ ယုံကြည်ရတဲ့ မိသားစု ၊ သူငယ်ချင်းတွေကို ရင်ဖွင့်ပြောပြပြီး စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးနှစ်သိမ့်မှု ခံယူခြင်း ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ စိတ်ပိုင်းဆိုင်ကုထုံးတွေ ခံယူခြင်းအပြင် ၊ ကိုယ်တိုင်း လူနေမှုဘဝပုံစံကို ပြောင်းလဲခြင်းဖြင့်လည်း အစားလွန်ရောဂါ Binge Eating Disorder ကို တိုက်ထုတ်ကုသလို့ ရနိုင်ပါတယ်။

Photo : Web MD
Featured Photo : Men’s Health