ကျွန်တော်တို့ လူသားအားလုံး နေ့စဉ်နေ့တိုင်း ပြုလုပ်ဖြစ်တဲ့အရာတစ်ခုကတော့ အတွေးတွေ ဖြန့်ကျက်ခြင်း ပဲဖြစ်ပါတယ်။ ရံဖန်ရံခါ ပျော်ရွှင်စရာ အကြောင်းအရာတွေ တွေးတောကြသလို တစ်ခါတစ်လေမှာလည်း အဆိုးမြင် အတွေးတွေ တွေးတက်ကြပါတယ်။ လေ့လာမှုတွေအရ ကျွန်တော်တို့စိတ်ထဲမှာ တွေးနေတဲ့ အတွေးတော်တော်များများဟာ အဆိုးဘက်ကိုသွားတဲ့ Negative အတွေးအမြင်တွေ များပါတယ်။

အပျက်သဘောဆောင်တဲ့ အတွေးတွေဟာ ကျွန်တော်တို့ရဲ့ စွမ်းအင်တွေကို စားသုံးပစ်သလို စိတ်အာရုံထဲကိုလည်း အမှိုက်တွေလာပြီး စုပုံစေတဲ့အတွက် စိတ်ကိုရှင်းလင်းစေဖို့ မကောင်းတဲ့ အဆိုးမြင် အတွေးတွေကို ရှင်းထုတ်သန့်စင်ပေးဖို့ လိုပါတယ်။ ဒီတစ်ခါမှာတော့ အဆိုးမြင် တွေးခေါ်မှုကို ကျော်လွှားပြီး အပြုသဘောဆောင်တဲ့ အတွေးအမြင်တွေဆီ ကူးပြောင်းနိုင်ဖို့ ကူညီပေးမယ့် ထိရောက်တဲ့ နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) အပြုသဘောဆောင်တဲ့ အရာတွေနဲ့ အစားထိုးပါ

Photo : Marketing91

ကွီးတို့ နေ့စဉ်ရှင်သန် ဖြတ်သန်းနေတဲ့ ပတ်ဝန်းကျင်အခြေအနေဟာ ကွီးတို့ရဲ့ စိတ်နဲ့ အတွေးတွေအပေါ် များစွာသက်ရောက်မှု ရှိပါတယ်။ ဒီတော့ ပထမဆုံးလုပ်ရမယ့် အရာတစ်ခုက အဆိုးမြင်ခြင်းတွေ လာရာ အရင်းအမြစ်တွေကို ဖော်ထုတ်ပြောင်းလဲပစ်ဖို့ပါပဲ။ ကွီးတို့ပတ်ဝန်ကျင်မှာ အဆိုးမြင်စိတ်များတဲ့ လူတွေနဲ့ ဝန်းရံနေမိပြီလား ၊ အပျက်သဘောဆောင်သူတွေနဲ့ ပေါင်းသင်းနေမိလား ၊ အဆိပ်အတောက် ဖြစ်စေတဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာဝက်ဘ်ဆိုဒ်တွေ အသုံးပြုနေမိလား စသည်ဖြင့် ပြန်သုံးသပ်ပြီး အပြုသဘောဆောင်တဲ့ အရာတွေနဲ့ အစားထိုးကာ အဆိပ်အတောက်ကင်းတဲ့ နေထိုင်မှုပုံစံတစ်ခုကို ပြောင်းလဲလိုက်ဖို့ လိုပါတယ်။

(၂) ရင်းနှီးရတဲ့ မိတ်ဆွေကောင်းတွေနဲ့ စကားပြောပါ

Photo : Entrepreneur

တစ်ခါတစ်ရံမှာ ကိုယ်ကိုယ့်ကို ပျောက်ဆုံးခြင်းတွေနဲ့ ရုန်းကန်နေရပြီး လမ်းပျောက်နေတယ်ဆိုရင် ကွီးတို့နဲ့ ရင်းနှီးတဲ့ မိတ်ကောင်းဆွေမွန်တွေနဲ့ တွေ့ဆုံစကားပြော သင့်ပါတယ်။ ကိုယ့်အတွက် လမ်းမှန်ကို ပြပေးနိုင်သူ ၊ အကြံကောင်းတွေ ပေးနိုင်သူတွေနဲ့ စကားပြောခြင်းဟာ စိတ်ကိုပေါ့ပါးစေပြီး အဆိုးမြင် အတွေးတွေ လျော့ကျလာစေရုံမက အကောင်းမြင်နိုင်စွမ်းနဲ့ အပြုသဘောဆောင်တဲ့ အတွေးအမြင်အသစ်တွေကိုပါ ရစေပါတယ်။

(၃) အကူအညီပေးပါ

Photo : White Sands Treatment Center

အဆိုးမြင် အတွေးတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခုကတော့ တခြားသူကို ကူညီဖို့အတွက် အာရုံစိုက်ခြင်းပါပဲ။ တစ်စုံတစ်ဦးကို ကူညီလိုက်ခြင်းက ကွီးတို့ရဲ့ ဘဝမှာ အပြုသဘောဆောင်တဲ့ ပျော်ရွှင်ကျေနပ်ခြင်းတွေကို ရရှိခံစားစေပြီး အဆိုးမြင်တဲ့စိတ်တွေ တဖြည်းဖြည်းလျော့နည်းလာစေမှာ ဖြစ်ပါတယ်။ လမ်းသွားလမ်းလာ တစ်စုံတစ်ယောက်ကို ကူညီပေးတာပဲဖြစ်ဖြစ် ၊ သူငယ်ချင်းတစ်ယောက်ရဲ့ ရင်တွင်းခံစားချက်တွေကို နားထောင်ပေးတာပဲ ဖြစ်ဖြစ် အခြား တစ်ယောက်ယောက်ကို ကူညီတာက ကိုယ့်ကိုယ်ကိုလည်း ပြန်ပြီး ကူညီရာရောက်တဲ့ အကောင်းဆုံးနည်းလမ်း တစ်ခုပါပဲ။

(၄) ၁၅ မိနစ်စာ စာတစ်မျက်နှာ ချရေးပါ

Photo : Hinge Global

ကွီးတို့ စိတ်ထဲမှာ လည်ပတ်နေတဲ့ အဆိုးမြင် အတွေးတွေကို ဖယ်ရှားဖို့ တစ်နေ့ကို ၁၅ မိနစ်လောက် အချိန်ပေးပြီး အတွေးဖြစ်စဉ်ကို စာရွက်မှာ ချရေးကြည့်ပါ။ ဒီလိုလုပ်ခြင်းက ကွီးတို့ရဲ့အဆိုးမြင် အတွေးတွေ ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်အသေးစိတ်ကို ခွဲခြားသိမြင်နိုင်စေပြီး မကောင်းတဲ့အတွေးတွေ ရပ်တန့်နိုင်ဖို့ လမ်းကြောင်းကို ရှာဖွေတွေ့ရှိ နိုင်ပါလိမ့်မယ်။

Featured Photo : Youth Crisis Center