ကျွန်တော်တို့ လူသားများသည် မလုပ်ရဘူးလို့ တားမြစ်ထားတဲ့အရာတွေဆို ပိုလုပ်ချင်ကြတဲ့ ဗီဇမျိုး ရှိကြပါတယ်။ ကွီးတို့မှာရော ထိုကဲ့သို့သော အကျင့်မျိုးရှိပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆက်မဖတ်သင့်တော့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီဆောင်းပါးလေးထဲမှာ အန္တရာယ် ရှိတဲ့အတွက်ကြောင့် လူသားများ သွားရောက်ရန် ပိတ်ပင်ထားတဲ့ နေရာ ဒေသများအကြောင်းကို ပြောပြပေးသွားမှာမို့လို့ပဲ ဖြစ်ပါတယ်။​

အန္တရာယ် ရှိတဲ့ ထို နေရာ များကို သွားရောက်လည်ပတ်ဖို့ရန်အတွက် ဘာ့ကြောင့် မသင့်တော်သလဲဆိုတာ ၊ ဘာ့ကြောင့် အတင်းအကြပ် ပိတ်ပင်ထားရသလဲဆိုတာကို ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်။

Iceland နိုင်ငံရှိ Surtsey Island

အန္တရာယ် နေရာ

Photo: Earthsky

Surtsey ကျွန်းလေးသည် Iceland နိုင်ငံရှိ တောင်ဘက်ကမ်းရိုးတန်းမှာ တည်ရှိတဲ့ ကျွန်းတစ်ခုပဲဖြစ်ပါတယ်။ ထိုကျွန်းသည် လွန်ခဲ့တဲ့ လေးနှစ်ကျော်ခန့်က မီးတောင် ပေါက်ကွဲရာကနေ ဖြစ်ပေါ်ကျန်ရှိခဲ့တဲ့ ကျွန်းတစ်ခုပဲဖြစ်ပါတယ်။ ထို့ကြောင် ထိုကျွန်းသည် ကမ္ဘာ့သက်တမ်းအနုဆုံး ကျွန်းတစ်ခုအဖြစ် ကမ္ဘာပေါ်တွင် နာမည်ကြီးပါတယ်။ ယခုအချိန်မှာတော့ သိပ္ပံပညာရှင်များ၊ ပထဝီဗေဒပညာရှင်များက ထိုနေရာသို့ လေ့လာရန် ရောက်ရှိနေကြပါတယ်။ ထိုသူများသာ သွားရောက်လေ့လာခွင့်ရကြတာ ဖြစ်ပါတယ်။ အခြားသော ကမ္ဘာလှည့်ခရီးသွားများအတွက်တော့ လည်ပတ်ခွင့် ပိတ်ပင်ထားပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လူအများ သွားရောက်လည်ပတ်မှု များလာပါက လေ့လာမှုကို အနှောင့်အယှက်ဖြစ်နိုင်ပြီး သဘာဝ ပထဝီဖြစ်တည်မှုကို ပျက်စီးသွားစေနိုင်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရှိ Ise Grand Shrine

အန္တရာယ် နေရာ

Photo: Jref

ဂျပန်နိုင်ငံသည် ရိုးရာယဥ်ကျေးမှုများ၊ စည်းစနစ်ကြီးမှုများကြောင့် နာမည်ကြီးပါတယ်။ ဂျပန်နိုင်ငံသားများသည် နိုင်ငံကြီးသား ပီသကြပြီး စည်းကမ်းလိုက်နာမှုအားလည်း အင်မတန်ကောင်းကြပါတယ်။ လက်ရှိမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲက သက်သေပါပဲ။ ထိုကဲ့သို့ စည်းကမ်းကြီးလှတဲ့ ဂျပန်နိုင်ငံထဲမှာ ရိုးရာဘုံကျောင်းများ အခု ၈ သောင်းနီးပါးခန့် ရှိပါတယ်။ ထိုထဲကမှ Ise Grand Shrine သည် အထင်ရှားဆုံးနှင့် နာမည်အကြီးဆုံးပဲ ဖြစ်ပါတယ်။ ထိုဘုံကျောင်းသည် ဂျပန်နိုင်ငံရှိ ဘုရားကျောင်းများအနက် ဈေးအကြီးဆုံး တစ်ခုပဲဖြစ်ပါတယ်။ ထိုဘုံကျောင်းရဲ့ ဗိသုကာလက်ရာများသည် ၈ ရာစုနှစ်က ဗိသုကာလက်ရာများပဲ ဖြစ်ပါတယ်။ ထိုဗိသုကာလက်ရာများကို ကြာရှည်ခံစေဖို့ရန်အတွက် နှစ် ၂၀ လျှင် တစ်ကြိမ်၊ ပြန်လည်ပြုပြင်တည်ဆောက်လေ့ရှိပါတယ်။ ဒါ့အပြင် ထိုနေရာသို့ တော်ဝင်မိသားစုများသာ သွားရောက်ခွင့်ရှိပါတယ်။

ဘရာဇီးရှိ မြွေကျွန်း

အန္တရာယ် နေရာ

Photo: Faz

မြွေကျွန်းဆိုတဲ့ အတိုင်းပဲ ထိုကျွန်းတစ်ခုလုံးသည် အဆိပ်ပြင်းတဲ့ မြွေများနှင့် ပြည့်နှက်နေတာပဲ ဖြစ်ပါတယ်။ ဘယ်သက်ရှိလူသားကမှ သူတို့အသက်ကို အရဲစွန့်ပြီး မြွေကျွန်းဆီသို့ ခြေမချရဲကြပါဘူး။ အဆိပ်ပြင်းတဲ့ မြွေများစွာ ရှိတဲ့အတွက်ကြောင့် ထိုနေရာကို သွားရောက်ဖို့ရန်အတွက် ပိတ်ပင်တားမြစ်ထားတာပဲ ဖြစ်ပါတယ်။ ဘရာဇီးအစိုးရကတောင်မှ ဥပဒေ အခိုင်အမာပြငှာန်းထားကာ တားမြစ်ထားရလောက်တဲ့အထိကို အန္တရာယ်ရှိတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။

Natron ရေကန်

အန္တရာယ် နေရာ

Photo: Reshumana

ဒီရေကန်ကတော့ အာဖရိကတိုက်ရှိ Tanzania နိုင်ငံရဲ့ မြောက်ဘက်ပိုင်းတွင် တည်ရှိတဲ့ ရေကန်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီရေကန်သည် လူသားများအတွက် အန္တရာယ်ရှိတဲ့ရေကန်တစ်ခုပဲ ဖြစ်ပါတယ်။ သူ့ထဲတွင် Natron လို့ ခေါ်တဲ့ Sodium Carbonate Decahydrate ဒြပ်ပါဝင်ပါတယ်။ ထိုရေထဲတွင် ph ပမာဏ ၁၂ ထိ ပါရှိတဲ့အတွက်ကြောင့် ထိတွေ့မိလိုက်သည်နှင့်တစ်ပြိုင်နက် လူသားများရဲ့ အရေပြားများကို စားသွားမှာဖြစ်ပြီး မျက်စိအတွက်လည်း အန္တရာယ်ရှိပါတယ်။

ထိုရေကန်လေးသည် ပန်းရောင် သမ်းနေတဲ့အတွက်ကြောင့် လှပတယ်လို့ ထင်ကောင်း ထင်နိုင်ပါတယ်။ သို့သော် ထိုကဲ့သို့ ပန်းရောင် သမ်းနေရခြင်းမှာ ရေကန်ထဲတွင် အနီရောင် ဘက်တီးရီးယားများ ပါရှိနေလို့ပဲ ဖြစ်ပါတယ်။ ထိုရေကန်ရဲ့ အပူချိန်သည် ၁၂၀ ဒီဂရီအထိရှိတဲ့အတွက်ကြောင့် မီးရေကန်လို့တောင် ခိုင်းနှိုင်းကြပါတယ်။ သက်ရှိများကတော့ ထိုအပူချိန်ကို မခံနိုင်ကြပေမယ့် အနီရောင်ရှိတဲ့ Cyanobacteria များကတော့ Natron ဓာတ်ကို အမှီသဟဲပြုကာ နေထိုင်ကြတာ ဖြစ်ပါတယ်။ ကြိုးကြာငှက်များအတွက်တော့ သဘာဝက ပေးအပ်ထားတဲ့ သားပေါက်ရာနေရာတစ်ခုပဲ ဖြစ်ပါတယ်။

Area 51

Area 51

Photo: Bbc

Area 51 ကတော့ အင်မတန်မှကို လျှို့ဝှက်သိုသိပ်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ အစိုးရက Area 51 တည်ရှိတယ်ဆိုတာကို ၂၀၁၃ မတိုင်ခင်အထိ ငြင်းဆန်နေတာပဲ ဖြစ်ပါတယ်။ တကယ်တော့ Area 51 သည် Nevada သဲကန္တရာထဲတွင် တည်ရှိတဲ့ နေရာတစ်ခုဖြစ်ပြီး လူအများကလည်း ထိုနေရာကို စူးစမ်းလေ့လာချင်စိတ်များ အမြဲတမ်းဆိုသလို ပြည့်နှက်နေတာပဲ ဖြစ်ပါတယ်။ ထိုနေရာတွင် ဓာတ်ပုံ ရိုက်ခွင့်တောင် ပိတ်ပင်ထားရလောက်တဲ့အထိ လျှို့ဝှက်တဲ့နေရာတစ်ခုပဲ ဖြစ်ပါတယ်။ ထိုနေရာထဲတွင် စမ်းသပ်မှုများ ပြုလုပ်လျက်ရှိပြီး ထိုအထဲတွင် ဂြိုလ်သားများ ရှိသလား (သို့မဟုတ်) မကောင်းဆိုးဝါးများပဲ ရှိသလားဆိုတာကတော့ အာဏာပိုင်တွေသာ သိရှိကြမှာပဲ ဖြစ်ပါတယ်။

Maya Bay

Maya Bay

Photo: Hotels

Maya Bay ကတော့ ထိုင်းနိုင်ငံအတွင်းမှာ တည်ရှိပြီး Leonardo DiCaprio ရဲ့ ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Beach ဆိုတဲ့ ဇာတ်ကားကြောင့် လူသိများလာခဲ့ပြီး သွားရောက်လည်ပတ်သူများဖြင့် ပြည့်နှက်နေခဲ့တာဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားပေါင်း သန်းနှင့်ချီသည်အထိ လာရောက်ကြတဲ့ ဆွဲဆောင်မှုရှိပြီး လှပသော ကမ်းခြေတစ်ခုဖြစ်ပါတယ်။ သို့သော် ထိုနေရာကို အချိန်အတိုင်းအတာတစ်ခုအထိ ယာယီ ပိတ်ထားခဲ့ဖူးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်ကို အနားပေးပြီး ပြန်လည်အားသစ်လောင်းစေဖို့ရန်အတွက်ပဲဖြစ်ပါတယ်။ ၂၀၁၈ ဇွန်လက ပိတ်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် ၂၀၂၂ ဇန်နဝါရီလက စည်းမျဥ်းစည်းကမ်းအသစ်များဖြင့် ပြန်လည်ဖွင့်လှစ်လိုက်ပြန်ပါတယ်။ သွားရောက်လည်ပတ်သူများအနေနှင့် သဘာဝပတ်ဝန်းကျင်ကို မပျက်စီး မထိခိုက်ရလေအောင် ဂရုတစိုက်နှင့် စည်းကမ်းတကျ လေ့လာသင့်တာကတော့ အမှန်တရားတစ်ခုပါပဲ။

Source: Mentalfloss

Featured Image:  Freepik