နွေရာသီဟာ ပူနွေးခြောက်သွေ့ပြီး နေရောင်ခြည်ဓာတ် အပြည့်အဝရတယ်ဆိုပေမယ့်လည်း အပူရှိန်ပြင်းပြင်း ၊ ချွေးတစိုစို ၊ ယပ်တခတ်ခတ်နဲ့နေရတာ စိတ်ပျော်စရာ မရှိပါဘူး။ ဒီကြားထဲမီးကပါပျက်ရင်တော့ အရှင်လတ်လတ် ငရဲကျနေသလို ခံစားရပါတယ်။ ဒါကြောင့် ဒီလိုရှယ်ပူတဲ့နွေရာသီမှာ အပူရှောင်ချင်တယ်ဆိုရင် နွေရာသီတစ်လျှောက်လုံး အေးမြနေစေမယ့် အခုပြောပြမယ့် အံ့သြဖွယ် အားလပ်ရက်ခရီးစဉ်တွေက ကွီးတို့အတွက် အသင့်တော်ဆုံး ဖြစ်စေမှာပါ။ ကဲဒါဆို အပူရှောင်ဖို့ ဘယ်နေရာတွေ သွားရမလဲ လေ့လာကြည့်လိုက်ပါဦး။
(၁) Upper Peninsula , Michigan

Photo : Bridge Michigan
ရေညှိတွေဖုံးနေတဲ့ လမ်းတွေတစ်လျှောက် အေးအေးဆေးဆေး လမ်းလျှောက်ရတာ နှစ်သက်တယ် ၊ စိမ်းပြာပြာရေ အိုင်ကြီးတွေ ၊ မျက်စိတဆုံးလှပတဲ့ ရှုမျှော်ခင်းတွေကြည့်ရင်း အနားယူအပန်းဖြေ အပူရှောင်ချင်တယ်ဆိုရင် Michigan ပြည်နယ် ၊ Upper Peninsula က သေချာပေါက်သွားသင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ မြို့ပြရဲ့ ရှုပ်ရှက်ခက် မွန်းကြပ်စရာမြင်ကွင်းတွေနဲ့ဝေးရာမှာ အပူရှောင်ချင်တယ် ၊ နေ့အပူချိန်နည်းပြီး နွေရာသီရဲ့ပူပြင်းလွန်းတဲ့ အပူဒဏ်ကနေလည်း လွတ်မြောက်ချင်တယ် ၊ သစ်တောတွေ ၊ ရေကန်တွေ ၊ ရေတံခွန်တွေလို သဘာဝတရားကြီးနဲ့ နီးနီးကပ်ကပ်ရှိချင်တယ်ဆိုရင် Michigan ၊ Upper Peninsula ဟာ နောင်တမရစေမယ့် ခရီးစဉ်တစ်ခုပဲ ဖြစ်ပါတယ်။
(၂) Edinburgh , Scotland

Photo : Full Suitcase
Scotland မှာ နွေရာသီ ပျမ်းမျှအပူချိန်က တော်တော်လေး သိသိသာသာ လျော့နည်းတာကို တွေ့ရပါတယ်။ Scotland နိုင်ငံရဲ့ မြို့တော် Edinburgh မှာဆိုရင် စိတ်ဝင်စားစရာ အနုပညာတွေ ၊ ကြီးကျယ်ခမ်းနာတဲ့ ရှေးဟောင်းလက်မှုပညာတွေ ၊ အစားအစာနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေအပြင် မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို မြင်တွေ့ရမယ့် Mela Festival လို ကြီးကျယ်ခမ်းနားတဲ့ Outdoor ပွဲတော်ကြီးတွေလည်း ကျင်းပလေ့ရှိပါတယ်။ မြို့ရဲ့ကောင်းကင်ယံကို လွှမ်းခြုံထားတဲ့ သမိုင်းဝင်မြို့ခံတပ် Edinburgh ရဲတိုက်ကြီးကိုလည်း သွားရောက်လည်ပတ်နိုင်သလို ၊ Outer Hebrides မှာရှိတဲ့ အကြီးဆုံးကျွန်းဖြစ်တဲ့ Isle of Harris ကနေ Scotland ရဲ့ အလှဆုံးရှုခင်းတွေ ၊ ကမ်းခြေတွေ ၊ သဲဖြူကျွန်းတွေ ၊ စိမ်းပြာရောင်ရေအိုင်ကြီးတွေ စသည်ဖြင့် လည်ပတ်စရာနေရာတွေ အများအပြား တည်ရှိနေပါတယ်။
(၃) Stockholm , Sweden
Photo : Never Ending Footsteps
Sweden နိုင်ငံ Stockholm ကတော့ ကျွန်းပေါင်း ၁၄ ကျွန်းဝန်းရံထားတဲ့ မြို့ဖြစ်ပါတယ်။ နွေရာသီမှာပင် ပူပြင်းတဲ့အပူဒဏ်ကို ခံစားရမှာမဟုတ်ပဲ မြို့တစ်ဝှမ်းက အထင်ကရ ခရီးသွားနေရာတွေကို အေးအေးလူလူ သွားရောက်လည်ပတ်နိုင်မှာပါ။ Stockholm မြို့ရဲ့ ရှေ့ဘက် ဘောလ်တစ်ပင်လယ်ကို အပေါ်စီးကနေ မြင်ရတဲ့ ကျွန်းတွေကြား ရွက်လွှင့်မလား ၊အလယ်ခေတ်သမိုင်းကို လေ့လာနိုင်မယ့် မြို့ဟောင်း Gamla Stan ကိုပဲ သွားရောက်လည်ပတ်မလား ၊ City Hall Tower ကနေ Stockholm ကျယ်ပြောလှတဲ့ မြင်ကွင်းကျယ်ရှုခင်းတွေကိုပဲ သွားရောက်ကြည့်ရှုမလား စသည်ဖြင့် လည်ပတ်စရာနေရာတွေ အများကြီးရှိပါတယ်။ ရှေးခေတ်လက်ရာ ပြတိုက်တွေနဲ့ ရှားပါးမျိုးစိတ်တိရစ္ဆာန်တွေရှိရာ တိရစ္ဆာန်ရုံကိုလည်းသွားရောက်နိုင်ပြီး မိသားစုနဲ့ နွေအပူရှောင်ဖို့ အကောင်းဆုံး နေရာတစ်ခု ဖြစ်ပါတယ်။
(၄) Easter Island, Chile

Photo : Travel Earth
ကမ္ဘာတောင်ဘက်ခြမ်းရဲ့အထင်ကရဖြစ်တဲ့ Chile နိုင်ငံ Easter ကျွန်းကတော့ နွေပူပူမှာ အပူရှောင်ဖို့ အကောင်းဆုံး နေရာတစ်ခု ဖြစ်ပါတယ်။ ဒီကျွန်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၀၀၀ ကျော်လောက်ကတည်းက ပိုလီနီးရှားတွေဟာ ကနူးလှေတွေနဲ့ တောင်ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ပြီး ဒီဝေးလံခေါင်သီတဲ့ကျွန်းတွေဆီသို့ ရွက်လွင့်လာခဲ့တာဖြစ်တဲ့အတွက် တကယ့်ကိုသမိုင်းဝင်နေရာတစ်ခု ဖြစ်ပါတယ်။ ပိုလီနီးရှားတွေရဲ့ ဘိုးဘေးတွေကို ကိုယ်စားပြုတဲ့ Moais လို့ခေါ်တဲ့ ရုပ်တုတွေ ၊ ကျောက်တုံးကြီးတွေကို မြင်တွေ့ရမှာဖြစ်ပြီး ရှေးခေတ်သမိုင်းကြောင်းကို စူးစမ်းလေ့လာဖို့ အကောင်းဆုံး နေရာတစ်ခု ဖြစ်ပါတယ်။
Featured Photo : Wanderlust Crew

