အမေရိကန်ပြည်ထောင်စုမှာဆိုရင် နှလုံးရောဂါဟာ ကွီးတို့ အသက်ဆုံးရှုံးရတဲ့ အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်နေပါတယ်။

အမျိုးသားတွေဟာ အမျိုးသမီးတွေထက် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ (၃၇ ရာခိုင်နှုန်း) ပိုများနေပေမယ့် ရောဂါလက္ခဏာတွေကို အလုပ်ဖိစီးမှု ဒါမှမဟုတ် အသက်အရွယ်ကြောင့်လို့ ထင်မှတ်ပြီး လျစ်လျူရှုထားတတ်ကြပါတယ်။

နှလုံးရောဂါဟာ နှစ်ကာလရှည်ကြာ တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတတ်ပြီး တချို့အခြေအနေတွေမှာ ရောဂါကြီးကြီးမားမားဖြစ်မှသာ သိသာထင်ရှားတဲ့ လက္ခဏာပြတတ်ပါတယ်။

ဒါပေမဲ့ ကြိုတင်သတိပေးနေတဲ့ အစောပိုင်းလက္ခဏာတွေကို စောစောစီးစီး သိထားမယ်ဆိုရင် ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

အမျိုးသားတွေမှာ နှလုံးရောဂါလက္ခဏာတွေကို ဘာကြောင့် သတိမထားမိတတ်ကြသလဲ

🛑 အမျိုးသားတွေဟာ ဆရာဝန်ဆီသွားပြီး ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဖို့ ဒါမှမဟုတ် ကျန်းမာရေးပြဿနာတွေကို တိုင်ပင်ဆွေးနွေးဖို့ ဝန်လေးတတ်ကြပါတယ်။

🛑 အစောပိုင်းလက္ခဏာတွေဖြစ်တဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း မအီမသာဖြစ်ခြင်း၊ ချွေးစေးပြန်ခြင်းတွေကို အစာမကြေတာ၊ ကြွက်သားနာကျင်တာ ဒါမှမဟုတ် ပင်ပန်းနွမ်းနယ်တာလို့ပဲ အလွယ်တကူ ထင်မှတ်တတ်ကြပါတယ်။

🛑 ထူးခြားချက်အနေနဲ့ "တိတ်ဆိတ်တဲ့ နှလုံးရောဂါ (Silent heart attacks)" ဆိုတာ ရှိပြီး နှလုံးထိခိုက်နေပေမယ့် ကြီးမားတဲ့ အန္တရာယ်မကြုံရမချင်း ဘာလက္ခဏာမှ မပြတာမျိုးလည်း ဖြစ်တတ်ပါတယ်။

အမျိုးသားတိုင်း မဖြစ်မနေ သိထားသင့်တဲ့ အစောပိုင်း သတိပေးလက္ခဏာ (၈) ရပ်

၁။ ရင်ဘတ်အောင့်ခြင်း ဒါမှမဟုတ် မအီမသာဖြစ်ခြင်း - ရင်ဘတ်အလယ်မှာ ဖိထားသလိုခံစားရခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်းတွေဟာ မိနစ်အနည်းငယ်ကနေ အချိန်ကြာမြင့်စွာ ဖြစ်တတ်ပါတယ်။ တချို့အမျိုးသားတွေမှာ ရုပ်ရှင်တွေထဲကလို ပြင်းထန်တဲ့ နာကျင်မှုမျိုး မဟုတ်ဘဲ သာမန်လောက်သာ ခံစားရတတ်ပါတယ်။

၂။ အသက်ရှူမဝခြင်း - ပုံမှန်လုပ်နေကျ အလုပ်တွေလုပ်ရင်း မောလာတာမျိုး ဒါမှမဟုတ် အနားယူနေချိန်၊ လှဲလျောင်းနေချိန်တွေမှာပါ အသက်ရှူရခက်ခဲလာတာမျိုး ဖြစ်ပါတယ်။ ဒါကို အသက်အရွယ်ကြီးလာလို့ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှုနည်းလို့ဆိုပြီး ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။

၃။ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း - အနားယူပေမယ့်လည်း မသက်သာဘဲ နေ့စဉ်ရက်ဆက် ပြင်းပြင်းထန်ထန် ပင်ပန်းနွမ်းနယ်နေတာဟာ နှလုံးက သွေးကောင်းကောင်းမညှစ်နိုင်တော့တဲ့ လက္ခဏာ ဖြစ်ပါတယ်။

၄။ မေးရိုး၊ လည်ပင်း ဒါမှမဟုတ် ကျောဘက် နာကျင်ခြင်း - နှလုံးနဲ့ အာရုံကြောလမ်းကြောင်းတွေ ဆက်စပ်နေတာကြောင့် နာကျင်မှုက လက်မောင်း၊ လည်ပင်း၊ မေးရိုးနဲ့ ကျောအပေါ်ပိုင်းတွေအထိ ပြန့်သွားတတ်ပါတယ်။

၅။ ခေါင်းမူးခြင်း ဒါမှမဟုတ် မိုက်ခနဲဖြစ်ခြင်း - ဦးနှောက်ဆီကို သွေးအလုံအလောက် မရောက်တဲ့အခါ ရုတ်တရက် ခေါင်းမူးခြင်း၊ မိုက်ခနဲဖြစ်ခြင်းနဲ့ သတိလစ်ချင်သလို ဖြစ်တတ်ပါတယ်။ ရင်ဘတ်အောင့်တာ၊ အသက်ရှူကျပ်တာတွေနဲ့ တွဲဖြစ်ရင် ပိုသတိထားရပါမယ်။

၆။ နှလုံးခုန်မမှန်ခြင်း - ရင်တုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ နှလုံးခုန်မမှန်ခြင်းတွေ မကြာခဏဖြစ်လာရင် အထူးသတိပြုရပါမယ်။ ခေါင်းမူးတာ၊ သတိလစ်ချင်တာတွေနဲ့ တွဲဖြစ်ရင် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။

၇။ ခြေကျင်းဝတ် ဒါမှမဟုတ် ခြေထောက် ရောင်ရမ်းခြင်း - နှလုံးက သွေးကောင်းကောင်းမညှစ်နိုင်တဲ့အခါ ခြေသလုံးနဲ့ ခြေကျင်းဝတ်တွေမှာ အရည်တွေစုပုံလာပြီး ရောင်ရမ်းလာတတ်ပါတယ်။ တစ်နေကုန် မတ်တပ်ရပ်ပြီးချိန် ဒါမှမဟုတ် အထိုင်များချိန်တွေမှာ ပိုဆိုးတတ်ပါတယ်။

၈။ အစာမကြေခြင်း ဒါမှမဟုတ် ရင်ပူခြင်း - နှလုံးရောဂါလက္ခဏာတွေက တစ်ခါတလေမှာ အစာအိမ်ရောဂါနဲ့ ဆင်တူတတ်ပြီး မကြာခဏ ရင်ပူတာ၊ ပျို့အန်တာနဲ့ ဝမ်းဗိုက်အပေါ်ပိုင်း နာကျင်တာတွေ ဖြစ်တတ်ပါတယ်။

အဓိက နှလုံးရောဂါဖြစ်နိုင်ခြေများစေတဲ့ အချက်တွေ

🛑 သွေးတိုးခြင်း၊ ကိုလက်စထရော မြင့်မားခြင်းနဲ့ ဆီးချို (Type 2) ဖြစ်ခြင်း။

🛑 ဆေးလိပ်သောက်ခြင်းနဲ့ အရက်အလွန်အကျွံသောက်ခြင်း။

🛑 အဝလွန်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း။

🛑 မိသားစုထဲမှာ နှလုံးရောဂါရာဇဝင်ရှိခြင်း။

🛑 ပန်းသေပန်းညှိုးဖြစ်ခြင်းနဲ့ တက်စတိုစတီရုန်း ဟော်မုန်းနည်းခြင်း။

🛑 အိပ်ရင်အသက်ရှူရပ်ရောဂါနဲ့ အစွန်အဖျား သွေးလွှတ်ကြောရောဂါ (Peripheral arterial disease) ရှိခြင်း။

🛑 နာတာရှည် စိတ်ဖိစီးမှုများခြင်းနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီအဆိမ့်တွေ အလွန်အကျွံစားသုံးခြင်း။

လက္ခဏာတွေ ပြလာရင် ဘာလုပ်သင့်သလဲ

အဲဒီလက္ခဏာတွေထဲက တစ်ခုခုကို မကြာခဏ ခံစားလာရရင် ဒါမှမဟုတ် ရုတ်တရက် ပိုဆိုးလာရင် ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးစစ်ဆေးမှုတွေဖြစ်တဲ့ သွေးပေါင်ချိန်တိုင်းတာ၊ ကိုလက်စထရော စစ်ဆေးတာ၊ အီးကေဂျီ (EKG) ရိုက်တာတွေကနေတဆင့် ရောဂါကို ကြိုတင်သိရှိနိုင်ပါတယ်။ ရောဂါကို စောစောသိရရင် နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲတာနဲ့ ဆေးဝါးကုသမှုတွေ ခံယူခြင်းဖြင့် အသက်အန္တရာယ်ကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ရင်ဘတ်အောင့်ခြင်းနဲ့ အသက်ရှူမဝခြင်းတွေ ဖြစ်လာရင်တော့ အရေးပေါ်လူနာတင်ယာဉ်ကို ချက်ချင်းခေါ်ယူရမှာ ဖြစ်ပါတယ်။

Ref: fmcdrbarnett