ကိုယ်ဝန်တားဖို့ဆိုရင် အမျိုးသမီးတွေသာ ဟော်မုန်းဆေးတွေ ရေရှည်သောက်ရတဲ့ ခေတ်ကြီး ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
အခုအခါမှာ ကွီးတို့အတွက် လိင်မဆက်ဆံခင် မိနစ် ၃၀ အလိုမှာ သောက်သုံးရုံနဲ့ ကိုယ်ဝန်မရအောင် တားဆီးပေးနိုင်မယ့် သန္ဓေတားဆေးအသစ်ကို သိပ္ပံပညာရှင်တွေက တီထွင်နေကြပါပြီ။
ဒီဆေးဟာ သုတ်ကောင်တွေရဲ့ လှုပ်ရှားမှုကို ခေတ္တရပ်တန့်စေပြီး ၆ နာရီကနေ ၈ နာရီအထိ အာနိသင်ပြနိုင်စွမ်း ရှိပါတယ်။ မိသားစုစီမံကိန်းအတွက် အမျိုးသားတွေပါ တာဝန်ယူနိုင်မယ့် အဲဒီ ဆန်းသစ်တဲ့ တီထွင်မှုဟာ အနာဂတ်အတွက် မျှော်လင့်ချက်တစ်ခု ဖြစ်လာနေပါတယ်။

အမျိုးသားကိုယ်ဝန်တားဆေး ဘယ်လို အလုပ်လုပ်သလဲ?
🛑 Weill Cornell Medicine က Dr Jochen Buck နဲ့ Dr Lonny Levin တို့က ဦးဆောင်တီထွင်နေတာ ဖြစ်ပါတယ်။
🛑 ဆေးက သုတ်ကောင်ထဲမှာပါတဲ့ sAC (soluble adenylyl cyclase) အင်ဇိုင်းကို ခေတ္တပိတ်ပစ်လိုက်တာ ဖြစ်ပါတယ်။
🛑 အဲဒီ အင်ဇိုင်းမရှိရင် သုတ်ကောင်တွေက အမျိုးသမီးရဲ့ မျိုးပွားလမ်းကြောင်းထဲမှာ ရှေ့ဆက်မကူးခတ်နိုင်တဲ့အတွက် မျိုးဥနဲ့ သွားရောက်မပေါင်းစပ်နိုင်ပါဘူး။
🛑 ဆေးအာနိသင်က ၆ နာရီကနေ ၈ နာရီအထိသာ ကြာမြင့်ပြီး အဲဒီ အချိန်ကျော်လွန်သွားရင် ပုံမှန်အတိုင်း ပြန်လည်မျိုးပွားနိုင်စွမ်း ရှိလာမှာ ဖြစ်ပါတယ်။

ဒီဆေးက တခြားအမျိုးသားကိုယ်ဝန်တားဆေးတွေနဲ့ ဘာကွာသလဲ?
🛑 အရင်က စမ်းသပ်ခဲ့တဲ့ အမျိုးသားသန္ဓေတားဆေးတွေက သုတ်ကောင်ထုတ်လုပ်မှုကို ပစ်မှတ်ထားတဲ့အတွက် အာနိသင်ပြဖို့ ရက်သတ္တပတ် အတော်ကြာ အချိန်ယူရပါတယ်။
🛑 အခု ဆေးကတော့ ရှိပြီးသား သုတ်ကောင်တွေကိုသာ အာနိသင်ပြတာဖြစ်လို့ လျင်မြန်စွာ အလုပ်လုပ်ပြီး အာနိသင်ပြယ်တာလည်း မြန်ဆန်ပါတယ်။
🛑 လိုအပ်တဲ့အချိန်မှသာ သောက်သုံးရတဲ့အတွက် ပိုမို အဆင်ပြေလွယ်ကူပါတယ်။

ဒီဆေးမှာ ကြီးမားတဲ့ ဘေးထွက်ဆိုးကျိုးရှိသလား?
🛑 တိရစ္ဆာန်တွေမှာ စမ်းသပ်မှုတွေအရ ပမာဏ အများကြီးနဲ့ အချိန်ကြာမြင့်စွာ တိုက်ကျွေးပေမယ့် ဘေးထွက်ဆိုးကျိုး မတွေ့ရသေးပါဘူး။
🛑 ဒါပေမယ့် sAC ပရိုတင်းဟာ မျက်စိအပါအဝင် တခြားတစ်ရှူးတွေမှာလည်း ပါဝင်နေတဲ့အတွက် လူတွေမှာ အန္တရာယ်ကင်းဖို့ သေချာအောင် ထပ်မံစမ်းသပ်မှုတွေ လုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။

ဒီဆေးဘယ်တော့ ထွက်မလဲ?
🛑 နောက်ထပ် ၂ နှစ်အတွင်းမှာ လူတွေနဲ့ စတင်စမ်းသပ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။
🛑 National Institute of Child Health and Human Development (NICHD) ကနေ ရန်ပုံငွေ ရရှိထားပြီး တိရစ္ဆာန်တွေမှာ အသေးစိတ် ထပ်မံစမ်းသပ်သွားမှာ ဖြစ်ပါတယ်။
🛑 အဲဒီ နောက်မှ စုံတွဲတွေနဲ့ လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်ရဦးမှာဖြစ်လို့ ဈေးကွက်ထဲကို တကယ်ရောက်လာဖို့ကတော့ နှစ်အနည်းငယ် စောင့်ရဦးမှာ ဖြစ်ပါတယ်။
Ref: newsweek


