ချယ်လ်ဆီးအသင်းက အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပေါ်ပြီးတဲ့နောက်မှာ ကစားသမားသစ်တွေကို တပြုံကြီး ခေါ်ယူခဲ့ရာ ဒီကစားသမားတွေထဲ ခရစ္စတိုဖာ အန်ကွန်ကူ ဆိုတဲ့ လိုက်ပ်ဇစ်က ပြင်သစ် တိုက်စစ် ကစားသမားလည်း ပါဝင်ခဲ့ပါသေးတယ်။ ချယ်လ်ဆီးက မနေ့ကပဲ သူတို့ အသင်းအနေနဲ့ အန်ကွန်ကူကို ခေါ်ယူလိုက်နိုင်ပြီ ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် အတည်ပြုလိုက်ပါတယ်။

nkunku psg

Photo Credit : Eurosport

ချယ်လ်ဆီး နဲ့ အန်ကွန်ကူ တို့ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းကမှ အကြိုသဘောတူညီမှု ရရှိထားတာဖြစ်ပြီး လာမယ့် ဇူလိုင် (၁)ရက်နေ့မှာပဲ အန်ကွန်ကူက ချယ်လ်ဆီးကို တရားဝင် ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ အသက် (၂၅)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အန်ကွန်ကူက ပီအက်စ်ဂျီ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တာ ဖြစ်သလို ပီအက်စ်ဂျီမှာပဲ သူရဲ့ စီနီယာ ကစားသမားဘဝကိုလည်း စတင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အန်ကွန်ကူက ပီအက်စ်ဂျီမှာ ကစားခွင့် သိပ်မရပဲ ၂၀၁၉ခုနှစ်မှာ လိုက်ပ်ဇစ်ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

nkunku leipzig

Photo Credit : Eurosport

လိုက်ပ်ဇစ်ကို ရောက်မှပဲ အန်ကွန်ကူ က ပွဲကစားခွင့်တွေ ပိုရ ခြေစွမ်းတွေ ပိုပြသနိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ (၃၅)ဂိုး သွင်းယူခဲ့ရင်း ဘွန်ဒက်စ်လီဂါရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ပိုင်ဆိုင်ခဲ့သလို ပြီးခဲ့တဲ့ ရာသီမှာလည်း ဘွန်ဒက်စ်လီဂါရဲ့ ဂိုးသွင်းအများဆုံး ကစားသမားပါ ဖြစ်လာခဲ့ရပါသေးတယ်။ အခုဆိုရင် ပြင်သစ် လီဂူးဝမ်းမှာရော ဂျာမန် ဘွန်ဒက်စ်လီဂါမှာပါ ဘောလုံးရာသီ (၄)ရာသီခန့် ဖြတ်သန်းထားနိုင်ခဲ့သူ အန်ကွန်ကူဟာ နောက်ရာသီကနေ စတင်ပြီး ဘောလုံးပရိသတ်များ သည်းခြေကြိုက် အင်္ဂလန် ပရီးမီးယားလိဂ်မှာ စတင် ကျင်လည်ရပါတော့မယ်။

Image

Photo Credit : Fabrizio Romano

အန်ကွန်ကူ က ချယ်လ်ဆီးကို ပြောင်းရွှေ့ကြေး ယူရို (၆၅)သန်း (၆)နှစ်သက်တမ်းရှိတဲ့ နှစ်ရှည် စာချုပ်တစ်ရပ်နဲ့ ပြောင်းရွှေ့နိုင်ခဲ့ပြီဖြစ်ပြီး ဇူလိုင်လ (၁)ရက်နေ့မှာပဲ ချယ်လ်ဆီးဆီကို တရားဝင် ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ အန်ကွန်ကူက နောက်ချန် တိုက်စစ် ၊ ကွင်းလယ် တိုက်စစ်နေရာနဲ့ နေရာစုံ ကစားတတ်သူဖြစ်ပြီး ချယ်လ်ဆီး နည်းပြသစ် ပိုချက်တီနိုရဲ့ ၄-၄-၁-၁ ကစားကွက်မှာလည်း နောက်ချန် တိုက်စစ်နေရာအတွက် အံ့ဝင် ခွင်ကျဖြစ်အောင် ကစားနိုင်ဖွယ်လည်း ရှိနေပါတယ်။

Featured Photo : Youtube