ကျွန်တော်တို့ တဖြည်းဖြည်း အသက်ကြီးရင့်လာနဲ့အမျှ အမြင်အာရုံ ပိုင်းမှာ ယို့ယွင်းမှုတွေ ဖြစ်လာတက်ကြ စမြဲပါပဲ။ ပိုဆိုးတာက ဒီဘက်ခေတ်မှာ စမတ်ဖုန်းနဲ့ ကွန်ပျူတာတွေလို မျက်စိ ရဲ့ အမြင်အာရုံကို ထိခိုက်စေမယ့် အရာတွေ ပေါများလာတဲ့အတွက် အရွယ်မတိုင်ခင်မှာ အမြင်အာရုံ ယို့ယွင်းပျက်စီးတာတွေ ပိုဖြစ်လာပါတယ်။ မျက်စိဟာ ကျွန်တော်တို့ အသက်ရှင်သန်ရာ ဘဝတစ်လျှောက်လုံး အသုံးပြုရတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်တာကြောင့် မျက်စိကျန်းမာရေးကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့ မျက်စိ အမြင်အာရုံ ယို့ယွင်းမှု မရှိအောင် ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) အာဟာရ ပြည့်ဝအောင်စားပါ

Photo : The Grocer

ကွီးတို့ရဲ့ မျက်စိနဲ့ အမြင်အာရုံ ကျန်းမာရေးဟာ ကွီးတို့နေ့စဉ်စားသုံးတဲ့ ပန်းကန်ပြားပေါ်က အစားအစာတွေပေါ် မူတည်ပါတယ်။ Omega-3 Fatty Acids ၊ Lutein ၊ ဇင့် ၊ ဗီတာမင် C နဲ့ ဗီတာမင် E ကဲ့သို့ အာဟာရဓာတ်တွေဟာ အသက်အရွယ်နဲ့ဆိုင်တဲ့ အမြင်အာရုံဆိုင်ရာ ချို့ယွင်းခြင်းတွေနဲ့ မျက်စိအတွင်းတိမ်ကဲ့သို့ အမြင်အာရုံ ဆိုင်ရာ ပြဿနာတွေကို ကာကွယ်နိုင်စွမ်း ရှိပါတယ်။

ဟင်းနုနွယ်ရွက် ၊ ကိုက်လန်တို့လို အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ ၊ ဆယ်လ်မွန်ငါး ၊ တူနာငါး နဲ့ အခြားအဆီများတဲ့ငါးတွေ ၊ ဥအမျိုးမျိုး ၊ အခွံမာသီး ၊ ပဲနဲ့ အခြားအသားမဟုတ်တဲ့ ပရိုတင်းအရင်းမြစ်တွေ ၊ လိမ္မော်သီးနဲ့ အခြားလတ်ဆတ်တဲ့ အသီးအနှံ့တွေကို ညီညွတ်မျှတအောင် စားသုံးခြင်းဟာ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးဖို့ ကူညီပေးနိုင်သလို မျက်စိနဲ့ အမြင်အာရုံ ကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုပါတယ်။

(၂) ဆေးလိပ်ဖြတ်ပါ

Photo : Verywell Mind

ဆေးလိပ်သောက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ အလုံးစုံ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို မျက်စိအတွင်းတိမ် ၊ မျက်စိနဲ့ သက်ဆိုင်တဲ့ အာရုံကြောများ ပျက်စီးခြင်းနဲ့ မျက်စိကြွက်သားများ ယိုယွင်းခြင်းတို့ကို ပိုမိုဖြစ်နိုင်ခြေ များစေပါတယ်။ ဆေးလိပ်ဖြတ်ဖို့ဟာ ခက်ခဲတယ်လို့ ထင်ရပေမယ့် အချိန်ယူပြီး တစိုက်မတ်မတ် ဇွဲကောင်းကောင်းနဲ့ သေချာလေ့ကျင့်ယူမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ဆေးလိပ် ဖြတ်လိုက်တာနဲ့အမျှ ကွီးတို့ရဲ့ ခန္ဓာကိုယ်အလုံးစုံကျန်းမာရေးဟာ သိသိသာသာ တိုးတက်ကောင်းမွန်လာတာကို ခံစားရစေမှာ အသေအချာပါပဲ။

(၃) နေကာမျက်မှန်ဝတ်ပါ

Photo : Wiltshire Gazette and Herald

နေကာမျက်မှန်ဟာ ဖက်ရှင်တစ်ခု အနေနဲ့သာမက မျက်စိနဲ့ အမြင်အာရုံ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတဲ့ အသုံးအဆောင်တစ်ခုဖြစ်ပါတယ်။ နေပူထဲထွက်တဲ့ အချိန်တိုင်းမှာ ကွီးတို့ရဲ့ မျက်စိကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်ဖို့ နေကာမျက်မှန် မမေ့မလျော့ ဝတ်ဆင်ဖို့ လိုပါတယ်။

(၄) မျက်စိကို အနားပေးပါ

Photo : Freepik

ဖုန်းနဲ့ ကွန်ပျူတာတွေကို အချိန်အကြာကြီး အသုံးပြုခြင်းက မျက်လုံးကိုက်ခြင်း ၊ အမြင်အာရုံဝေဝါးခြင်း ၊ မျက်လုံးခြောက်ခြင်း ၊ခေါင်းကိုက် ခြင်း ၊ လည်ပင်း၊ နောက်ကျောနဲ့ ပခုံးကြွက်သားများ နာကျင်ကိုက်ခဲခြင်း ပြဿနာတွေနဲ့ ဆက်စပ်နေပါတယ်။ ကွီးတို့ အနေနဲ့ ဖုန်းတွေ ကွန်ပျူတာတွေ အသုံးပြုတိုင်းမှာ မျက်စိအတွက် နားချိန်ပေးဖို့လည်း မဖြစ်မနေလုပ်ဖို့ လိုပါတယ်။ မိနစ် ၂၀ ခန့် Screen အသုံးပြုပြီးတိုင်းမှာ ပေ ၂၀ အကွာကို စက္ကန့် ၂၀ ကြာ ကြည့်ပေးပါ။ အနည်းဆုံး ၂ နာရီ ကြာတိုင်း ၁၅ မိနစ်လောက် အနားယူတာမျိုး လုပ်သင့်ပါတယ်။

(၅) ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းပါ

Photo : Jenny Craig

အဝလွန်တာနဲ့ မျက်စိကျန်းမာရေးဟာ တိုက်ရိုက်မသက်ဆိုင်ပေမယ့်လည်း အဝလွန်ခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ဆီးချိုနဲ့ သွေးတိုးရောဂါတွေဟာ အမြင်အာရုံ ဆုံးရှုံးခြင်းနဲ့ ရေတိမ်ကဲ့သို့ မျက်စိနဲ့သက်ဆိုင်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်လာစေ နိုင်ပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ မျက်စိကျန်းမာရေး ကောင်းချင်တယ်ဆိုရင် ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့လည်း အရေးကြီးပါတယ်။

Featured Photo : Verywell Mind