မနေ့ညက ဆော်ဒီ ကလပ်အသင်းတွေဖြစ်တဲ့ အယ်လ် နာဆာ နဲ့ အယ်လ် ဟီလာတို့က အာရပ် ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲကို ယှဉ်ပြိုင်ခဲ့ကြပါတယ်။ နှစ်သင်းလုံးမှာ ကစားသမားကောင်းတွေ ဖြည့်တင်းထားတာမို့ ဘယ်သူ အသာရသွားမလဲ မှန်းရခက်ပေမယ့် ၂၀၂၁ နောက်ပိုင်းမှာတော့ အယ်လ် ဟီလာက ရလဒ်ပိုင်း အသာစီး ပိုရထားခဲ့ပါတယ်။ ဒါ့အပြင် အယ်လ် ဟီလာအသင်းက ရှုံးထွက်မှာ အယ်လ် အစ်တီဟတ်လို ဆော်ဒီ ပရိုလိဂ်ရဲ့ လက်ရှိ ချန်ပီယံအသင်းကိုပါ ကျော်ဖြတ်ထားတာ ဖြစ်ပါတယ်။
Photo Credit : Al Nassr Twitter
အဲ့ဒါတွေအပြင် အယ်လ် ဟီလာအသင်းက အာရပ် ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ထားဖူးတဲ့ အသင်းလည်း ဖြစ်နေပြန်ပါတယ်။ ဒီလို အသင်းမျိုးနဲ့ ရင်ဆိုင်ရတာက အယ်လ် နာဆာအတွက် တကယ့်ကို စိန်ခေါ်မှုတစ်ခုပါပဲ။ ပထမပိုင်း ပွဲအစပိုင်းလောက်မှာ အယ်လ် ဟီလာကို ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး အယ်လ် နာဆာခံစစ်ကို တောက်လျှောက် ထိုးဖောက်ခဲ့ပေမယ့် နောက်ပိုင်း ပွဲချိန်တွေမှာ အယ်လ် နာဆာ ကစားပုံ ပိုကောင်းလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်းမှာတော့ နှစ်သင်းလုံး ဂိုးမသွင်းပဲ ဂိုးမရှိသရေနဲ့ အဆုံးသတ်ခဲ့ပါတယ်။
Photo Credit : Al Nassr Twitter
ပွဲအစပိုင်းတွေမှာ ကစားပုံ ကောင်းတတ်လေ့ရှိတဲ့ အယ်လ် ဟီလာက ဒုတိယပိုင်း ပြန်စပြီး သိပ်မကြာခင်မှာပဲ မယ်လ်ကွန်ရဲ့ ဖန်တီးမှုကို မိုက်ကယ်က ခေါင်းတိုက်ကာ ဦးဆောင်ဂိုး သွင်းယူလိုက်ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရပြီး မိနစ် (၂၀)အကြာမှာပဲ အယ်လ် နာဆာက နောက်ခံလူတစ်ဦး တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံလိုက်ရပါတယ်။ ကစားသမားလည်း တစ်ယောက်လျော့ (၁)ဂိုးနဲ့ ဦးဆောင်ခံထားရချိန်မှာ အယ်လ် နာဆာ တို့ ပြန်လာနိုင်ဖို့ဆိုတာ လုံးဝ မလွယ်သလောက်ကို ဖြစ်သွားရပါတယ်။
Photo Credit : Al Nassr Twitter
ဒါပေမယ့်လည်း အဲ့လို မဖြစ်နိုင်တာကို လုပ်ပြသွားတာက ရော်နယ်လ်ဒိုပါ။ ကစားသမား တစ်ယောက်လျော့ပြီး (၃)မိနစ်အကြာမှာ ချေပဂိုး သွင်းယူပေးခဲ့သလို တစ်ဂိုးစီ သရေကျနေလို့ အချိန်ပို ဆက်ကစားရာမှာလည်း အချိန်ပို ပထမပိုင်းမှာပဲ အနိုင်ဂိုးကို ထပ်မံ သွင်းယူခဲ့ပါတယ်။ ရော်နယ်လ်ဒိုရဲ့ စိတ်အားထက်သန်မှု ပြင်းပြလွန်းမှုတွေက တကယ့်ကို ကြောက်ခမန်းလိလိပါပဲ။ အခုတော့ ရော်နယ်လ်ဒိုက အယ်လ် နာဆာအသင်း တစ်ကြိမ်တစ်ခါမှ မရဖူးသေးတဲ့ အာရပ် ကလပ် ချန်ပီယံရှစ်ဖလားကို ရယူပေးနိုင်ခဲ့သလို ဆော်ဒီ ပရိုလိဂ်မှာလည်း အသင်းကို ဘယ်အဆင့်ထိ တွန်းတင်ပေးနိုင်ဦးမလဲဆိုတာ ဆက်လက် စောင့်ကြည့်သွားရပါတော့မယ်။
Featured Photo : Al Nassr Twitter