ဒီဘက်ခေတ်မှာ အရပ်ရှည်ဖို့ ဆေးဝါးတွေ ၊ ကုထုံးတွေ များစွာပေါ်လာပါပြီ။ ဒါပေမယ့် ကုန်ကျစရိတ်အလွန်များပြီး ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး ဒီလိုနည်းလမ်းတွေဟာ ရာနှုန်းပြည့် အကျိုးသက်ရောက်မှု ရှိမရှိဆိုတာလည်း အတိအကျ မပြောနိုင်ပါဘူး။ သဘာဝအတိုင်း လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် အရပ်ရှည်အောင် ပြုလုပ်တဲ့နည်းလမ်းကတော့ အကောင်းဆုံးပါပဲ။ လေ့ကျင့်ခန်း နဲ့ အာဟာရဓာတ်ကို ပြည့်စုံမျှတအောင် စားပေးမယ်ဆိုရင်ပဲ သင့်ကို အရပ်ရှည်လာစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အရပ်ရှည်ချင်သူတွေ ကစားသင့်တဲ့ လေ့ကျင့်ခန်း နည်းတွေကို ပြောပြပေးချင်ပါတယ်။
(၁) Bar Hanging

Photo : Pexels
အရပ်ရှည်စေဖို့အတွက် ကစားရမယ့် လေ့ကျင့်ခန်း တွေထဲမှာ Bar ခိုတဲ့ လေ့ကျင့်ခန်းက ထိပ်ဆုံးက ပါပါတယ်။ ချက်ချင်းလက်ငင်း ရလဒ်မသိသာပေမယ့် အချိန်ယူပြီး ပုံမှန်ကစားပေးမယ်ဆိုရင် အရပ် ၁ လက်မကနေ၂ လက်မအထိ ထွက်လာစေနိုင်ပါတယ်။
(၂) Dry Land Swim

Photo : Bar Ri
အလွယ်ပြောရရင်တော့ ကုန်းပေါ်မှာ ရေကူးသင်တဲ့ ပုံစံမျိုးပါ။ ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ်မှာ မှောက်လျက်အနေအထားနဲ့ ပုံစံယူပြီး ခြေထောက်နဲ့ လက်တွေကို မြှောက်နိုင်သမျှ မြှောက်ထားပေးရပါမယ်။ ဒီအနေအထားအတိုင်း စက္ကန့် ၂၀ လောက် ထိန်းထားဖို့လိုပါတယ်။
(၃) Cobra Stretch

Photo : Coach Mag
ယောဂ ကစားသူတွေနဲ့ ရင်းနှီးပြီးသား လေ့ကျင့်ခန်းတစ်ခုပါ။ ကျောရိုးကို ဆန့်ထုတ်ပေးရတဲ့အတွက် ခန္ဓာကိုယ်ကို ပျော့ပျောင်းစေပြီး အရပ်ပိုရှည်လာစေမှာ ဖြစ်ပါတယ်။ ဝမ်းဗိုက်နေရာကစပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို ဆန့်ထုတ်ကာ စက္ကန့် ၃၀ လောက် ထိန်းထားပေးရပါမယ်။ ဒီပုံစံအတိုင်း ၄ – ၅ ကြိမ်ခန့် ကစားပေးမှာ ဖြစ်ပါတယ်။
(၄) Hopping With One Leg

Photo : Pinterest
ငယ်ငယ်က ကစားတဲ့ ခြေတပေါင်ကျိုး ကစားနည်းကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ဒီလေ့ကျင့်ခန်းက ခြေတပေါင်ကျိုး ကစားနည်းနဲ့ ဆင်တူပါတယ်။ အိမ်မှာပဲဖြစ်ဖြစ် ၊ ပန်းခြံထဲမှာဖြစ်ဖြစ် အလွယ်တကူ ကစားလို့ရပါတယ်။ ခြေတဖက်မြှောက်ပြီး ခုန်ရမှာ ဖြစ်ပါတယ်။ ခြေထောက်ကို ဘယ်ညာပြောင်းပြီး ကစားပေးပါ။ ခုန်နိုင်သမျှ အကြိမ်ရေ များများ ကစားပေးရမှာ ဖြစ်ပါတယ်။
(၅) Forward Spine Stretch

Photo : Peak Pilates
ဒီ လေ့ကျင့်ခန်း ကတော့ လွယ်ကူရိုးရှင်းပါတယ်။ အကြောလျှော့နည်းတွေထဲက တစ်ခုပါပဲ။ ယောဂဖျာပေါ်ထိုင်ပြီး ခြေထောက်ကို ဆန့်ထုတ်ထားပါ။ ပြီးတဲ့အခါ အသက်ရှူသွင်းပြီး လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်ပေးရပါမယ်။ ခြေချောင်းထိပ်ကို လက်နဲ့ထိနိုင်သမျှ ထိအောင်ကစားပေးပါ။
Featured Photo : Adidas Runtastic
