အိုမင်းခြင်းက ရှောင်လွှဲလို့မရဘူးဆိုပေမယ့်လည်း ကိုယ်တတ်နိုင်သလောက် အရွယ်တင်နုပျိုမှု ကို ထိန်းသိမ်း ထားနိုင်ရင် အကောင်းဆုံးပဲ မဟုတ်ပါလား။ ယနေ့ခေတ်မှာတော့ အမျိုးသားများဟာလည်း ၎င်းတို့၏ ရုပ်ရည်အသွင်အပြင်ကို ပိုမိုအာရုံစိုက်လာကြပြီး ဂရုတစိုက်ထိန်းသိမ်း လာကြပါတယ်။ တိုးတက်လာတဲ့ ခေတ်နဲ့အညီ အမျိုးသားများအတွက် အိုမင်းရင့်ရော်မှုကို တားဆီးနိုင်ရန်အတွက် အသားအရေ ထိန်းသိမ်းနိုင်တဲ့ ထုတ်ကုန်များကလည်း စျေးကွက်ထဲမှာ အပြိုင်အဆိုင် ပေါ်ပေါက်လာကြပါတယ်။ ဒါကြောင့် ကွီးတို့အတွက် အရွယ်တင်နုပျိုမှု ကို ထိန်းသိမ်းနိုင်တဲ့ တကယ်ကိုရိုးရှင်း လွယ်ကူတဲ့ နည်းလမ်း ၅ သွယ်ကို ဖော်ပြပေးချင်ပါတယ်။

(၁) ရေများများသောက်ပါ


Photo : ThoughtCo

ရေဟာ အသက်ရှင်ဖို့အတွက် မရှိမဖြစ်လိုအပ်သလို လူ့ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်း ကျော်ကို ရေဖြင့်ဖွဲစည်းထားခြင်း ဖြစ်ပါတယ်။ ရေသောက်နည်းခြင်းကြောင့် ရေဓာတ်ခမ်းခြောက်ပါက အသားအရေကို ခြောက်သွေ့စေပြီး အရေးအကြောင်း များဖြစ်စေပါတယ်။ ရေသည် အရေပြားဆဲလ်များနှင့် တစ်ရှူးများကို အားဖြည့်ပေးတဲ့အတွက် အသားအရေကို ပျော့ပျောင်းစေပြီး အစိုဓာတ်ကို ထိန်းသိမ်း ပေးပါတယ်။ သင့်လျော်သော ရေဓာတ်သည် နုပျိုပြီး ကျန်းမာသော အသားအရေကို ရရှိစေပါတယ်။ ဒါကြောင့် ကွီးတို့လည်း ရေများများသောက်ဖို့ မမေ့ပါနဲ့နော်။

(၂) သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များကို များများစားပါ


Photo : Daily News

တစ်နေ့လျှင် အနည်းဆုံး သစ်သီး ၄ လုံးနှင့် အသီးအရွက် ၅ ကြိမ် စားသုံးခြင်းသည် အသားအရေရဲ့ အဓိက အာဟာရဓာတ်များဖြစ်တဲ့ Collagen ၊ Elastin နဲ့ အရေပြားကျန်းမာရေးတို့ကို ထောက်ပံ့ပေးပါတယ်။ လေ့လာမှုများအရ အသီးအရွက်များများ စားသုံးပါက အသားအရေရဲ့ အရောင်ကို တိုးတက်စိုပြေစေတယ်လို့ ဆိုထားပါတယ်။ ထို့အပြင် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များသည် အသားအရေရဲ့ အောက်ဆီဂျင် နဲ့အာဟာရများရဲ့ လည်ပတ်မှုကို တိုးစေပြီး အရေပြားရဲ့ ရေဓာတ်၊ အထူနဲ့ သိပ်သည်းဆကို တိုးမြှင့်စေကြောင့်လည်း ဖော်ပြထားပါတယ်။ သစ်သီးနဲ့ အသီးအရွက်ကြိုက်တဲ့ကွီးတို့ အတွက်တော့ အသားအရေကို ထိန်းသိမ်းပြီးသား ဖြစ်လို့ တကယ်ကို အဆင်ပြေပါတယ်နော်။

(၃) ဆေးလိပ်မသောက်ပါနဲ့


Photo : LoveMoney

ဆေးလိပ်သောက်ခြင်းက ကွီးတို့ရဲ့ အသားအရေနဲ့ ခန္ဓာကိုယ်ကို ဆိုးဝါးစွာထိခိုက်နိုင်ပါတယ်။ ဆေးလိပ်သောက်နေစဉ် ရှူသွင်းလိုက်တဲ့ ကာဗွန်မိုနောက်ဆိုဒ်က သွေးလည်ပတ်မှုအတွင်းက အောက်ဆီဂျင်ကို ဖယ်ထုတ်လိုက်ပါတယ်။ ထိုသို့ဖယ်ထုတ်လိုက်ခြင်းကြောင့် အသားအရေ (အရေပြား) နဲ့အတူ ကွီးတို့ရဲ့ ခန္ဓာကိုယ်အတွင်းက အခြားသောအင်္ဂါများ ကျန်းမာဖို့အတွက် အောက်ဆီဂျင် မလုံလောက်တော့ပါဘူး။ ထို့အပြင် ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းရှိ ဗီတာမင်စီကို လျော့ကျစေပြီး ကော်လာဂျင်ကို ပြိုကွဲခြင်းကြောင့် အရေးအကြောင်းများ ဖြစ်ပေါ်စေတဲ့အပြင် အသားအရေကိုလည်း မွဲခြောက်စေပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ ဆေးလိပ်သောက်ခြင်းကို အတတ်နိုင်ဆုံးရှောင်ကြဉ်ကြပါ။

(၄) အရက်နဲ့ ကဖိန်းဓာတ်များကို ရှောင်ပါ


Photo : Prensa Latina

အရက်နဲ့ ကဖိန်းဓာတ်ပါသော အရည်များသောက်သုံးခြင်းကလည်း ကွီးတို့ရဲ့ အသားအရေကို သိသာထင်ရှားတဲ့ သက်ရောက်မှုရှိပါတယ်။ အရက်သောက်ခြင်းကြောင့် မျက်နှာရှိ သွေးကြောများကို ကျယ်စေပါတယ်။ ထို့အပြင် အရက်နဲ့ ကဖိန်းဓာတ် နှစ်မျိုးလုံးသည် ကွီးတို့ရဲ့ အသားအရေကို ရေဓာတ်ခမ်းခြောက်စေကာ အရေးကြီးသော အာဟာရဓာတ်များကိုလည်း လျော့နည်းစေသောကြောင့် အသားအရေဟာ ခြောက်သွေ့မွဲခြောက် လာပါလိမ့်မယ်။

(၅) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

Photo : Urban Company

လေ့ကျင့်ခန်းလုပ်ခြင်းက ကျန်းမာရေးဆိုင်ရာ အကျိူးကျေးဇူးအပြင် ကျန်းမာသောအသားအရေကိုပါ ရရှိစေတယ်ဆိုတာ ကွီးတို့သိပါသလား။ ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ်ပုံမှန်လုပ်ဆောင် ခြင်းဖြင့် သွေးလည်ပတ်မှုကို ကောင်းစေပြီး ခန္ဓာကိုယ်အတွင်းရှိ အလုပ်လုပ်နေသောဆဲလ်များဆီသို့ (အရေပြား အပါအဝင်) အောက်ဆီဂျင်နဲ့ အာဟာရဓာတ်များကို သယ်ဆောင် ပေးပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး အရွယ်တင်နုပျိုမှု ကိုပါ ထိန်းသိမ်း ပေးနိုင်ပါတယ်။

ဖော်ပြပေးလိုက်တဲ့ အချက်လေးတွေက တကယ်ကို ရိုးရှင်းပြီး လွယ်ကူတာကြောင့် လိုက်နာကျင့်သုံးပြီး ကွီးတို့ရဲ့ အရွယ်တင်နုပျိုမှု ကို ဒီနေ့ကစပြီး ထိန်းသိမ်း လိုက်ပါ။

Featured Photo : Lucky Polls