ကွီးတို့ ဝမ်းချုပ်လေ့ရှိပါသလား။ လူတော်တော်များများက ဝမ်းချုပ်တဲ့ ဝေဒနာကို ခံစားရလေ့ရှိပါတယ်။ ကျွန်တော်တို့ စားသုံးသော အစားအစာများ၊ နေထိုင်မှုပုံစံ၊ ကျန်းမာရေး အခြေအနေစတဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝမ်းချုပ်ခြင်း ကို ဖြစ်စေနိုင်ပါတယ်။ ဝမ်းချုပ်တာကြောင့် ဝမ်းသွားရတာ ခက်ခဲပြီး အားကုန်တဲ့အထိ ညှစ် ရတဲ့အခါ ရေရှည်မှာ မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဝမ်းချုပ်တဲ့ အခါ ခံစားရတဲ့ လက္ခဏာတွေကတော့
- တစ်ပတ်လျှင် (၃) ကြိမ်ထက်နည်းပြီး ဝမ်းသွားခြင်း
- မာကြောသော၊ ခြောက်သွေ့သော ဝမ်းများသွားခြင်း
- ဝမ်းသွားတဲ့ အခါ ညှစ်ရခြင်း၊ ခက်ခဲခြင်း သို့မဟုတ် နာကျင်ခြင်း
- ဝမ်းများ ကျန်နေတဲ့လို့ ခံစားရခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။
ဝမ်းချုပ်တာက တော်တော်လေးကို ခံရခက်ပြီး ကိုယ်လက်မအီမသာ ခံစားရနိုင်ပါတယ်။ ဝမ်းချုပ်တာ ရေရှည်ဖြစ်လာပြီဆိုရင် လိပ်ခေါင်းရောဂါ၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာနှင့် စအိုကင်ဆာ စတဲ့အသက်အန္တရာယ် ရှိတဲ့ရောဂါတွေ အထိဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် တတ်နိုင်သလောက် ဝမ်းမချုပ်အောင် နေထိုင်စားသောက်သင့်ပါတယ်။ ဒီဆောင်းပါးကနေလည်း ကွီးတို့အတွက် ဝမ်းချုပ်သက်သာစေဖို့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
ရေများများသောက်ပါ
Photo : Vista Create
ဝမ်းချုပ်တာကို သက်သာစေဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းတစ်ခုကတော့ ရေများများသောက်ခြင်းပဲ ဖြစ်ပါတယ်။ ရေဓာတ်ခမ်းခြောက်တာကလည်း ဝမ်းချုပ်စေနိုင်ပါတယ်။ ရေကို လုံလောက်စွာ သောက်ခြင်းက အစာအိမ်နဲ့ အူလမ်းကြောင်း လုပ်ငန်းကို မှန်ကန်ညီညွတ်အောင် ဖန်တီးပေးပါတယ်။ တစ်နေ့ကို ရေ ၈ အောင်စ ဒါမှမဟုတ် ပုံမှန် ၈ ခွက်သောက်ပါ။ ရေဓာတ်ပြည့်ဝနေဖို့က အစာခြေစနစ်အတွက် မရှိမဖြစ် လိုအပ်ပါတယ်။
အသီးအရွက်နဲ့ အမျှင်ဓာတ်များများ စားပါ
Photo :Eat This, Not That
ကွီးတို့ရေ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ပဲစင်းငုံနှင့် အစေ့အဆန်များကို စားသောက်ခြင်းက အစာခြေစနစ် ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေရန် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ပုံမှန်အစာခြေခြင်း လုပ်ငန်းစဉ်ကို ချောမွေ့စွာလည်ပတ်စေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးကာ ကျန်းမာသော ကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းပြီးသား ဖြစ်စေပါတယ်။ ဒါ့ကြောင့် ကွီးတို့ရဲ့ နေ့စဉ်အစားအစာထဲမှာ အသီးအရွက်နဲ့ အမျှင်ဓာတ်များ ပါအောင် စားသုံးပါ။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာအချို့ကို ဖော်ပြပေးရမယ်ဆိုရင်တော့
- မုယောစပါး
- ပဲအမျိုးမျိုး
- စတော်ဘယ်ရီ
- သစ်တော်သီး
- ထောပတ်သီး
- ဆီးသီး
- Chia Seeds
- Oatmeal စတာတွေပဲ ဖြစ်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်လုပ်ပါ
Photo : Vista Create
လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်းများသည် ဝမ်းဗိုက်ကြွက်သားများနှင့် အူလမ်းကြောင်းများသို့ သွေးစီးဆင်းမှုကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုက အူမကြိးကို လှုပ်ရှားစေပြီး ဝမ်းမှန်စေပါတယ်။ ဝမ်းချုပ်ခြင်းကို ကာကွယ်ဖို့နဲ့ ဝမ်းချုပ်လာပြီဆိုရင် လုပ်သင့်တဲ့ အရိုးရှင်းဆုံး လေ့ကျင့်ခန်းတွေကတော့ ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာ၊ ကခုန်တာ စတဲ့ Cardio လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။ ထို ကိုယ်လက်လှုပ်ရှားမှုတွေက ကွီးတို့ရဲ့ အသက်ရှုနှုန်းကို တိုးစေပြီး နှလုံးခုန်နှုန်းကို မြှင့်တင်ပေးကာ ဝမ်းကို လှုံဆော်ပေးပါလိမ့်မယ်။ ကွီးတို့အနေနဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို မပြုလုပ်နိုင်ဘူးဆိုရင်တောင် တစ်နေ့ကို မိနစ် ၃၀ ခန့် လမ်းလျှောက်ပေးရုံနဲ့ အစာခြေစနစ်အတွက် ကောင်းမွန်ပါတယ်။
ကော်ဖီသောက်ပါ
Photo : Hone Health
ဝမ်းချုပ်နေသူများအတွက် ကော်ဖီတစ်ခွက်ကလည်း ကူညီပေးနိုင်ပါတယ်။ လေ့လာမှုများအရ ကဖိန်းဓာတ်ပါဝင်သော ကော်ဖီက အစာခြေစနစ်ရှိ ကြွက်သားများကို လှုံ့ဆော်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ကော်ဖီက အူလမ်းကြောင်းဘက်တီးရီးယားများ ဟန်ချက်မညီမှုကို ကောင်းမွန်စေခြင်းဖြင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးတဲ့ ပျော်ဝင်နိုင်သော အမျှင်အနည်းငယ်ပါ၀င်ပါတယ်။
အောင့်မထားပါနဲ့
Photo : Live Science
ကွီးတို့ ဝမ်းသွားချင်တဲ့ အချိန်မှာ အကြောင်းအမျိုးမျိူးကြောင့် ချက်ချင်းမသွားဘဲ အောင့်ထားမိတာလည်း ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်တဲ့ အဓိက တရားခံပါပဲ။ ဒါ့ကြောင့် ဝမ်းသွားချင်တဲ့ အချိန်မှာ သွားနိုင်အောင်လုပ်ပါ။ အချိန်နဲ့ ပုံမှန် ဝမ်းသွားတဲ့ အလေ့အထကို လေ့ကျင့်ထားခြင်းကလည်း အထောက်အကူပြုပေးနိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ဝမ်းနှုတ်ဆေးများကို အလွယ်တကူ မကြာခဏစားခြင်းကိုလည်း ရှောင်ကြဉ်ရပါမယ်။
ဆရာဝန်နဲ့ ပြသပါ
Photo : Medicine
ကွီးတို့အနေနဲ့ ဝမ်းချုပ်ခြင်းကြောင့် အားကုန်တဲ့အထိ ညှစ် မိပြီး စအိုမှာ နာကျင်ခြင်းများ၊ မူမမှန်ခြင်းများ ခံစားရပါက ဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။ ဒါ့အပြင် ကွီးတို့က ဝမ်းချုပ်တတ်လို့ အပေါ်က အချက်တွေကို လိုက်နာကျင့်သုံးပေမဲ့ သက်သာခြင်းမရှိဘူးဆိုရင် အခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ အချိန်မီပြသဖို့ လိုပါတယ်။
ကွီးတို့ရေ ကျန်းမာခြင်းက လာဒ်ကြီးတစ်ပါးပါ၊ ကျန်းမာမှ ကွီးတို့အလိုရှိရာကို လုပ်ဆောင်နိုင်မှာပါ။ ဒါ့ကြောင့် အလုံးစုံသော ကျန်းမာရေးကို ဂရုပြုပြီး နေထိုင်စားသောက်မှု ပုံစံကို ညီညွှတ်မျှတစေဖို့ အလေးပေးသင့်ပါကြောင်း ဒီကနေ ဝေမျှပေးလိုက်ပါတယ်ဗျာ။
Source : Medical News Today, Cleveland Clinic
Featured Photo : Health