ကွီးတို့ရဲ့ အားလပ်ရက် ကို ဘယ်လိုကုန်ဆုံးလေ့ ရှိပါသလဲ။ လူတစ်ကိုယ် အကြိုက်တစ်မျိုး ဆိုသလိုပါပဲ တချို့က အားလပ်ရက် ကို အိမ်တွင်းအောင်းရင်း ဖြတ်သန်းကြသလို တချို့ကလည်း နီးနီးဝေးဝေး ခရီးတွေထွက်ရင်း Relax လုပ်ကြပါတယ်။ စာရေးသူကတော့ အားလပ်ရက် ခရီးထွက်ရတာ ကြိုက်တဲ့အဖွဲ့ကပါ။ ဘာကြောင့်ဆို အားလပ်ရက် ခရီးထွက်ခြင်း က အခုပြောပြမယ့် ကောင်းကျိုးတွေ ရစေလို့ပါပဲ။

(၁) စိတ်ဖိစီးမှု လျော့ကျစေတယ်

Photo : WebMD

ကျွန်တော်တို့ နေ့စဉ်ပုံမှန် အလုပ်တာဝန် ၊ မိသားစုတာဝန်တွေကို ထမ်းရင်း ဖိအားများတဲ့ ဘဝတွေကို ဖြတ်သန်းနေကြရတာပါ။ စိတ်ဖိစီးမှုဆိုတာ အချိန်ကြာလာတာနဲ့အမျှ စိတ်ဓာတ်ကျခြင်း ၊ ကိုယ်အလေးချိန် တက်လာခြင်း ၊ အိပ်မပျော်ခြင်းနဲ့ အခြားကျန်းမာရေး ပြဿနာတွေ များစွာ ကြုံတွေ့ရနိုင်ခြေ များပါတယ်။ ဒီ့အတွက်အကောင်းဆုံး အဖြေက ရံဖန်ရံခါ ခရီးသွားခြင်း ပါပဲ။ အားလပ်ရက်မှာ ရက်တို ခရီးထွက်တာဟာ စိတ်ဖိစီးမှုတွေကို လျှော့ပါးသက်သာစေပြီး ခန္ဓာကိုယ်ရဲ့ ယို့ယွင်းနေတဲ့ အပိုင်းတွေကို ပြန်လည်ပြုပြင်ဖို့ ကူညီပေးပါတယ်။

(၂) ပိုပြီး ပျော်ရွှင်စေတယ်

Photo : Pexels

အားလပ်ရက်မှာ ခရီးသွားခြင်းရဲ့ အသိသာဆုံး ကောင်းကျိုးတစ်ခုကတော့ ပုံမှန်လည်ပတ်နေတဲ့ နေ့စဉ်ဘဝထဲက ရှုပ်ထွေးတဲ့ ခံစားချက်တွေထက် ပိုပြီး သက်တောင့်သက်သာဖြစ်တဲ့ စိတ်ခံစားမှုကို ရစေတာ ဖြစ်ပါတယ်။ ခရီးသွားဖို့ ပြင်ဆင်နေချိန်မှာ ကတည်းက သာမန်အချိန်တွေထက် စိတ်ခံစားမှုပိုပြီး ကောင်းမွန်နေတာကို ခံစားရမှာ ဖြစ်ပါတယ်။ မရောက်ဖူးသေးတဲ့ နေရာဒေသ အသစ်တွေကို သွားရောက်လည်ပတ်ခြင်းဖြင့် အတွေ့အကြုံ အသစ်တွေ ၊ ခံစားမှုအသစ်တွေနဲ့ စိတ်ရောလူပါ လန်းဆန်းတက်ကြွစေပြီး ပျော်ရွှင်မှုကို ခံစားရစေမှာ ဖြစ်ပါတယ်။

(၃) နှလုံးကျန်းမာရေးကို ကောင်းစေတယ်

Photo : Cleveland Clinic

အားလပ်ရက် ကို သေချာအချိန်ယူပြီး Relax လုပ်တာဟာ နှလုံးသွေးကြောကျဉ်း ရောဂါနဲ့ နှလုံးရောဂါကြောင့် ဖြစ်တက်တဲ့ သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ ခန္ဓာကိုယ်ဟာ ကောင်းမွန်တဲ့ အနားယူခြင်းမျိုး ရှိတဲ့အခါမှာ သွေးပေါင်ချိန်ကို မှန်ကန်စေပြီး သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်းကို ထိန်းညှိပေးကာ နှလုံးရဲ့လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်စေဖို့ ကူညီပေးပါတယ်။ အားလပ်ရက်မှာ ခရီးသွားမှ မဟုတ်ပါဘူး အိမ်မှာကောင်းကောင်း အနားယူမယ်ဆိုရင်လည်း နှလုံးကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေပါတယ်။

(၄) ကောင်းစွာအိပ်ပျော်စေတယ်

Photo : Sleep Centers of Middle Tennessee

ဒီနေ့ခေတ် လူတော်တော်များများဟာ ညဘက်ညဉ့်နက်ချိန်အထိ အလုပ်နဲ့ ဖိအားတွေကို ပွေ့ဖက်ရင်း အိပ်ရာဝင်လေ့ရှိ ကြပါတယ်။ ဒါဟာ အိပ်စက်မှုအရည်အသွေးကို ကျဆင်းစေခြင်း သို့မဟုတ် ကောင်းစွာအိပ်မပျော်ခြင်းရဲ့ အဓိကပြဿနာ အရင်းအမြစ်ပါပဲ။ အချိန်ကြာလာတာနဲ့အမျှ ကောင်းစွာအိပ်စက်မှုမရှိရင် နေ့ရက်တိုင်းကို လန်းဆန်းတက်ကြွမှုမရှိ ၊ ကိုယ်လက်ကြံ့ခိုင်မှုမရှိပဲ ဖြတ်သန်းရပါလိမ့်မယ်။ အားလပ်ရက်မှာ အလုပ်တွေ အားလုံးမေ့ထားပြီး စိတ်လွတ်လက်လွတ် ခရီးထွက်လိုက်တဲ့အခါမှာတော့ စိတ်ရောကိုယ်ပါ ကောင်းကောင်းအနားရပြီး ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာပဲ ဖြစ်ပါတယ်။

(၅) အာရုံစူးစိုက်မှုတွေ ပိုကောင်းလာမယ်

Photo : Unsplash

အနားယူချိန်ကောင်းကောင်းမရှိပဲ အလုပ်တွေပဲ ဖိလုပ်နေတာဟာ ဦးနှောက်စွမ်းဆောင်ရည်ကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အာရုံစူးစိုက်ဖို့ ခက်ခဲတာ ၊ အရာရာမှာ မေ့မေ့လျော့လျော့ ဖြစ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အတွက် အဖြေဟာ အားလပ်ရက် ခရီးသွားခြင်းပါပဲ။ အားလပ်ရက်မှာ ခရီးသွားခြင်းဟာ စိတ်ပိုင်းဆိုင်ရာရော ၊ ရုပ်ပိုင်းဆိုင်ရာပါ ပြန်လည်အားဖြည့်ပေးပြီး အာရုံစိုက်မှု ပိုကောင်းလာစေဖို့ ကူညီပေးပါလိမ့်မယ်။ စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ ဆုံးဖြတ်ချက် ချနိုင်စွမ်းတွေကိုလည်း တိုးတက်စေပြီး အလုပ်မှာ စွမ်းဆောင်ရည် ပိုကောင်းလာစေမှာ ဖြစ်ပါတယ်။

(၆) နှစ်ကိုယ်ကြား ဆက်ဆံရေးကို ပိုကောင်းစေနိုင်တယ်

Photo : WebMD

စုံတွဲတွေအနေနဲ့ အားလပ်ရက် ခရီးအတူတူသွားခြင်းဟာ နှစ်ဦးသားရဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာစေပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ အချစ်ရေးတစ်ခု ပိုင်ဆိုင်နိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက် ပိုနားလည်ပြီး ရင်းနှီးမှုတိုးစေကာ ကောင်းမွန်တဲ့ အမှတ်တရတွေနဲ့ နှစ်ဦးသားရဲ့ အချစ်တွေကို ပိုမို ခိုင်မာမြဲမြံစေဖို့ အထောက်အကူ ပြုပါတယ်။ ဒါတင်မကသေးပါဘူး ခရီးသွားခြင်းကြောင့် စိတ်ဖိစီးမှု ဟော်မုန်းတွေ ကျဆင်းစေပြီး ခံစားမှုအသစ် ၊ နေရာအသစ်မှာ လိင်မှုဆိုင်ရာ အတွေ့အကြုံအသစ်တွေကို ရှာဖွေနိုင်မှာ ဖြစ်တဲ့အတွက် နှစ်ဦးသား အပေးအယူမျှမျှနဲ့ ရေရှည်လက်တွဲနိုင်ဖို့လည်း ကူညီပေးမှာပဲ ဖြစ်ပါတယ်။

(၇) စိတ်ရဲ့ ပြတင်းတံခါးတွေ ပွင့်စေတယ်


Photo : Lifewire

အားလပ်ရက် မှာ တစ်ယောက်တည်း တီဗီကြည့်ရင်း အချိန်ကုန်ဆုံးတာ ဒါမှမဟုတ် နေ့စဉ်ဘဝထဲက ပုံမှန်အချိန်တွေအတိုင်း လုပ်နေကျအရာတွေကို ထပ်တလဲလဲလုပ်ကိုင်ရင်း အချိန်ကုန်ဆုံးတာဟာ ကွီးတို့ရဲ့ စိတ်ရောခန္ဓာကိုယ်ကိုပါ အားပြန်ပြည့်စေဖို့ မသေချာပါဘူး။ အမှန်တကယ် စိတ်ရောကိုယ်ပါ အနားရပြီး စိတ်ရဲ့ ပြတင်းတံခါးတွေ ပွင့်စေချင်တယ်ဆိုရင်တော့ အပြောင်းအလဲများစွာ ယူဆောင်လာပေးမယ့် ခရီးထွက်ခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။ တစ်ကိုယ်တော် ခရီးထွက်မလား ဒါမှမဟုတ် မိသားစုနဲ့ ခရီးထွက်မလား စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ အားလပ်ရက် အခိုက်အတန့်လေးကို စိတ်လက်ပေါ့ပါးစွာ ဖြတ်သန်းမှသာလျှင် အနားယူရကျိုးနပ်မှာ ဖြစ်ပါတယ်။

Featured Photo : Pexels