အီတလီ ၊ စပိန်တို့လို ဥရောပတကြောမှာ ရင်သပ်ရှုမောဖွယ် ရှေးဟောင်း အနုပညာလက်ရာတွေနဲ့ ပြည့်နှက်နေတဲ့ သမိုင်းဝင် မြို့ကြီးတွေ များစွာရှိပါတယ်။ လှပဆန်းကြယ်တဲ့ ခေတ်ဟောင်း အဆောက်အဦးတွေ ၊ ခမ်းနားတဲ့ ဗိသုကာလက်ရာတွေနဲ့ အနုပညာဆန်ဆန် မြို့ကြီးတွေဟာ ကမ္ဘာလှည့် ခရီးသွားတွေကို အစွမ်းကုန် ဆွဲဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အနုပညာ ကို သက်ဝင်စီးမျော ခံစားချင်သူတိုင်း သွားရောက်လည်ပတ်သင့်တဲ့ ကမ္ဘာတလွှားက မြို့ကြီး ၅ မြို့အကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ဖလောရန့်စ် – အီတလီ

Photo : Conde Nast Traveler

အီတလီနိုင်ငံ Tuscany ဒေသရဲ့ မြို့တော် ဖလောရန့်စ်မြို့ဟာ ရှေးဟောင်းသမိုင်းဝင် အနုပညာလက်ရာတွေနဲ့ ဗိသုကာလက်ရာ မြောက်များစွာတည်ရှိရာ မြို့ကြီးတစ်မြို့ ဖြစ်ပါတယ်။ ခေတ်ဟောင်း အီတလီ ဗိသုကာပညာရှင်တွေနဲ့ ပန်းပုပညာရှင်တွေ ဒီဇိုင်းဆွဲတည်ဆောက်ထားတဲ့ ရှေးဟောင်းလက်ရာ ဘုရားကျောင်းများစွာ တည်ရှိပါတယ်။ Renaissance ခေတ်နဲ့ ၁၄ ရာစု ကာလအတွင်းက ရှေးဟောင်းပန်းချီနဲ့ ပန်းပုလက်ရာတွေကို ခံစားနိုင်မယ့် Uffizi Gallery အနုပညာ ပြတိုက်ကိုလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။ Pitti နန်းတော် ၊ Boboli Gardens ပန်းခြံ ၊ Palatine Gallery ၊ Silver Museum ၊ ခေတ်သစ်အနုပညာပြတိုက်နဲ့ Santa Maria Del Fiore ဘုရားကျောင်းမှာရှိတဲ့ Vasari ရဲ့ နောက်ဆုံး လက်ရာ နံရံဆေးရေးပန်းချီတွေကိုလည်း သွားရောက် ခံစားနိုင်ပါတယ်။ ဖလောရန့်စ်မြို့ရဲ့ လမ်းမတွေတစ်လျှောက် အနုပညာခံစားရင်း အရသာရှိတဲ့ အီလတီအစားအသောက်တွေကိုလည်း မြည်းစမ်းလို့ရပါတယ်။

(၂) ဘိုဂိုတာ – ကိုလံဘီယာ

Photo : Local Travel Agency in Colombia

ကိုလံဘီယာနိုင်ငံရဲ့ မြို့တော် ဘိုဂိုတာမြို့ကတော့ အနုပညာနဲ့ ပတ်သတ်ရင် သိပ်ကို နာမည်ကြီးပါတယ်။ Doris Salcedo ၊ Pedro Ruiz တို့လို ၂၀ ရာစုရဲ့ ကျော်ကြားတဲ့ အနုပညာရှင် တော်တော်များများဟာ ဘိုဂိုတာမြို့ကနေ ပေါ်ထွက်လာခဲ့ကြတာပါ။ ယနေ့ခေတ် ဘိုဂိုတာမြို့ရဲ့ လမ်းနဲ့ အဆောက်အဦး တော်တော်များများဟာဆိုရင် နိုင်ငံရေးအသားပေး Street Art တွေနဲ့ အသက်ဝင်နေပြီး ပြည်တွင်းနဲ့ နိုင်ငံတကာက အနုပညာရှင်တွေရဲ့ အနုပညာပြခန်းများစွာလည်း တည်ရှိပါတယ်။ ၂၀ ရာစုရဲ့ အနုပညာလက်ရာတွေကို ခံစားနိုင်မယ့် Bogotá Museum of Modern Art MAMBO နဲ့ Botero Museum တို့လို အနုပညာ ပြတိုက်တွေကိုလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။

(၃) မာလာဂါ – စပိန်

Photo : Wanderlust

စပိန်နာမည်ကြီး ပန်းချီပညာရှင် Pablo Picasso ရဲ့ လက်ရာတွေကို ခံစားချင်တယ်ဆိုရင် ဘာစီလိုနာကို သွားဖို့ တော်တော်များများ ညွှန်းကြပါလိမ့်မယ်။ ဒါပေမယ့် Pablo Picasso ရဲ့ အနုပညာအငွေ့အသက်တွေကို ခံစားချင်တဲ့ အနုပညာချစ်သူစစ်စစ်တွေကတော့ သူ့ရဲ့ မွေးရပ်မြေ စပိန်နိုင်ငံတောင်ပိုင်း မာလာဂါမြို့ကို သွားဖို့ ရွေးချယ်ကြမှာပါ။ မာလာဂါမြို့မှာ အနုပညာ ပြတိုက်ပေါင်း ၃၅ ခုကျော်ရှိပြီး Picasso ပြတိုက်ကိုလည်း ၂၀၀၃ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီပြတိုက်မှာ Pablo Picasso ရဲ့ အနုပညာ လက်ရာပေါင်း ၂၀၀ ကျော်ကိုပြသထားပြီး တစ်နှစ်ပတ်လုံးယာယီပန်းချီပြပွဲတွေ ကျင်းပပေးလျက်ရှိပါတယ်။ ဒါ့အပြင် ၁၉ ရာစုရဲ့ စပိန်ပန်းချီလက်ရာတွေကို ကြည့်ရှုနိုင်မယ့် Carmen Thyssen ပြတိုက်ကိုလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။

(၄) မဲလ်ဘုန်း – သြစတြေးလျ

Photo : Zoom In Museums

သြစတြေးလျနိုင်ငံရဲ့ အနုပညာမြို့တော်လို့ နာမည်ပေးခြင်းခံထားရတဲ့ မဲလ်ဘုန်းမြို့ကတော့ လမ်းမကြီးတွေတစ်လျှောက် တီထွင်ဖန်တီးမှုအနုပညာလက်ရာတွေနဲ့ ပြည့်နှက်နေတဲ့ မြို့ကြီးတစ်မြို့ဖြစ်ပါတယ်။ ရောင်စုံ ဂရပ်ဖစ်တီလက်ရာတွေ ခြယ်သထားတဲ့ အဆောက်အဦးကြီးတွေ ၊  ရင်သပ်ရှုမောစရာစရာ ပြတိုက်ကြီးတွေနဲ့ အနုပညာပြခန်းများစွာကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက အနုပညာရှင်တွေရဲ့လက်ရာတွေ ခင်းကျင်းပြသထားတဲ့ မြို့ရဲ့အထင်ကရ အကြီးဆုံးပြခန်းကြီးဖြစ်တဲ့ ဗစ်တိုးရီးယား အမျိုးသားပြခန်းကိုလည်း သွားရောက်လည်ပတ် နိုင်ပါတယ်။ ဒီပြခန်းကြီးမှာ သြစတြေးလျ အနုပညာရှင်တွေရဲ့ ပန်းချီပြပွဲတွေကိုလည်း အမြဲတမ်းနီးပါး ကျင်းပပေးလျက်ရှိပြီး Salvador Dali နဲ့ Pablo Picasso တို့ရဲ့ ဂန္တဝင်လက်ရာတွေကိုလည်း စီးမြောခံစားလို့ ရပါတယ်။

(၅) ဆန်ဖရန်စစ္စကို – ကယ်လီဖိုးနီးယား – အမေရိကန်

Photo : Los Angeles Times

အနုပညာကို ခံစားချင်သူတိုင်း ဆန်ဖရန်စစ္စကို ကိုရောက်ခဲ့မယ်ဆိုရင် SFMOMA (San Francisco Museum of Modern Art) ဆန်ဖရန်စစ္စကို ခေတ်သစ်အနုပညာ ပြတိုက်ကို မဖြစ်မနေ သွားရောက်လည်ပတ်သင့်ပါတယ်။ ဆန်ဖရန်စစ္စကို ခေတ်သစ်အနုပညာ ပြတိုက်ကြီးကို ၁၉၃၅ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာ အကြီးဆုံး ခေတ်မီ အနုပညာပြခန်းတွေထဲက တစ်ခုဖြစ်ကာ ၂၀ ရာစုအနုပညာလက်ရာတွေကို ပြသဖို့အတွက်သာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဒီပြတိုက်ကြီးကို အကြီးစားမွမ်းမံမှုတွေ ပြုလုပ်ခဲ့ပြီး အနုပညာလက်ရာတွေကို ပိုတောက်ပစေခဲ့ပါတယ်။ ဆန်ဖရန်စစ္စကိုမြို့ကြီးဟာ Anglim Gilbert Gallery နဲ့ John Fischer Gallery တို့လို အသေးစား ပြခန်းတွေနဲ့လည်း စည်ကားနေပြီး စားသောက်ဆိုင် ၊ ဘားနဲ့ ဂီတသံစဉ်တွေ ပျံ့လွင့်နေတဲ့ ကမ္ဘာပေါ်က အနုပညာ အဆန်ဆုံး မြို့ကြီး တွေထဲက တစ်မြို့ပဲ ဖြစ်ပါတယ်။

Featured Photo : Wanderlust