ဘရားသားတို့ရေ အခုဆိုရင် သင်္ကြန်ပိတ်ရက်ရှည် ကို ရောက်ရှိလို့လာပါပြီ။ လူတိုင်းကတော့ တစ်နှစ်မှာ တစ်ခါလောက်သာရတဲ့ ဒီလိုပိတ်ရက်ရှည်ကို ကိုယ်နည်းကိုယ့်ဟန်နဲ့ကိုယ် နည်းမျိုးစုံနဲ့ ဖြတ်သန်းကြပါတယ်။ ဒီလို ပိတ်ရက်ရှည်မှာ ဘယ်မှမသွားဘဲ အိမ်မှာပဲ အေးဆေးနေဖို့ စဉ်းစားနေတဲ့ ဘရားသားတို့ရှိပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက အခုပိတ်ရက်မှာ အိမ်တွင်းပုန်းမဲ့ ဘရားသားတို့ အတွက် ကွက်တိပါပဲ။ အိမ်တွင်းပုန်းရင်း မပျင်းရဘဲ အကျိုးရှိအောင် ဖြတ်သန်းနိုင်တဲ့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးမှာ ဖြစ်တာကြောင့် ဆက်ပြီးကြည့်လိုက်ရအောင်ဗျာ။
အပြည့်အဝ အနားယူမယ်
Photo : Success Magazine
ဘရားသားတို့ရေ ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံး လုပ်စရာတွေ၊ တာဝန်ဝတ္တရားတွေနဲ့ ပြည့်နှက်နေပြီး ပင်ပန်းခဲ့ပါသလား။ ဒါဆိုရင်တော့ ပိတ်ရက်ရှည် စစချင်း တစ်ရက် သို့မဟုတ် နှစ်ရက်၊ သုံးရက်လောက်အထိ စိတ်ရော၊ လူပါ အနားပေးပြီး အပြည့်အဝ အနားယူလိုက်ပါ။ နောက်ကျတဲ့အထိ စိတ်ကြိုက် အိပ်စက်အနားယူလိုက်ပါ။ ဒီလိုအနားယူလိုက်ခြင်းဖြင့် ကိုယ်ခန္ဓာရော၊ စိတ်ပါ အနားရပြီး နောက်ထပ်လုပ်ဆောင်ရမယ့် လုပ်ဆောင်စရာများကို စွမ်းအင်အပြည့်နဲ့ လုပ်ဆောင်နိုင်ပါလိမ့်မယ်။
ရုပ်ရှင်ကားတွေ အမုန်းကြည့်မယ်
Photo : The Motley Fool
အားလပ်ရက် ပြည့်ပြည့်ဝဝ ရတဲ့အချိန်မှာ ကိုယ်ကြည့်ချင်တဲ့ ဇာတ်ကားတွေကို ကြည့်လိုက်ပါ။ ဇာတ်လမ်းတွဲတွေပဲ ကြည့်မလား၊ ရုပ်ရှင်ကားတွေ တစ်ကားပြီးတစ်ကား ဆက်တိုက်ကြည့်မလား။ စိတ်ကြိုက် ကိုယ်ကြည့်ချင်တဲ့ကားတွေ ကြည့်ရင်း အနားယူ အပန်းဖြေလိုက်ပါ။ မိသားစုနဲ့ Movie Time လေးဖန်တီးရင်း အတူတူအချိန်ကုန်ဆုံးဖို့ အတွက်လည်း အချိန်ကောင်းလေးပါပဲ။
စာအုပ်ဖတ်မယ်
Photo : Forbes
ဒီပိတ်ရက်ရှည်မှာ အိမ်တွင်းပုန်းမဲ့ ဘရားသားတို့ မပျင်းစေဘဲ အကျိုးရှိစေမဲ့ နည်းလမ်းတစ်ခုကတော့ စာဖတ်ခြင်းပဲ ဖြစ်ပါတယ်။ စာအုပ်တွေက ဘရားသားတို့ကို အိမ်ထဲမှာ ရှိနေပေမဲ့ အတွေ့အကြုံအစုံနဲ့ နေရာစုံကို ခေါ်သွားပေးနိုင်ပါတယ်။ ဘယ်လို အကြောင်းအရာ စာအုပ်ပဲ ဖြစ်ဖြစ် ကိုယ်စိတ်ဝင်စားတဲ့ စာအုပ်ကို ရွေးချယ်လိုက်ပါ။ ပြီးလျှင် ကော်ဖီတစ်ခွက်နဲ့ စာအုပ်ထဲသာ အာရုံနှစ်ထားလိုက်ပါ။ တကယ်ကို ပြီးပြည့်စုံပြီး အေးချမ်းတဲ့ ရပ်ဝန်းလေးတစ်ခုကို စကားလုံးတွေနဲ့ ခေါ်ဆောင်သွားလိမ့်ပါမယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီးနားလည်လာပါလိမ့်မယ်။
မိသားစုနဲ့ အချိန်ကုန်ဆုံးမယ်
Photo : Verywell Family
ဒီနေ့ခေတ် လူ့အဖွဲ့အစည်းရဲ့ အခြေအနေအရ ကိုယ်စီကိုယ်စီ အလုပ်တာဝန်တွေနဲ့ မိသားစုကို အပြည့်အဝ အချိန်မပေးနိုင်ကြပါဘူး။ ဒါကြောင့် ဒီလိုပိတ်ရက်ရှည်ရတုန်းမှာ ကိုယ်ချစ်ခင်ရသူတွေကို အချိန်ပေးပြီး အမှတ်တရ အချိန်လေးတွေ ဖန်တီးနိုင်ပါတယ်။ မိသားစုနဲ့ အတူ မုန့်လုပ်စားတာ၊ Games တွေကစားတာ၊ ရုပ်ရှင်အတူတူကြည့်တာ စသည်ဖြင့် လှုပ်ရှားမှုလေးတွေပြုလုပ်ရင်း နွေးထွေးချစ်ခင်မှုလေးတွေ မျှဝေခံစားနိုင်ပါတယ်။
ကိုယ့်ဝါသနာကို အချိန်ပေးမယ်
Photo : Next Luxury
ကိုယ့်ဝါသနာနဲ့ ကိုယ်လုပ်နေတဲ့ အသက်မွေးဝမ်းကြောင်းက တစ်ထပ်တည်းကျနေရင်တော့ အကောင်းဆုံးပါပဲ။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဝါသနာပါတဲ့အရာကို ခေတ္တမေ့ထားရတဲ့ အခြေအနေမျိုးမှာ ဒီလို ပိတ်ရက်ရှည်က ကိုယ့်ရဲ့ဝါသနာကို ပြန်လည်အသက်သွင်းဖို့ အချိန်ကောင်းပါပဲ။ ကိုယ့်ဝါသနာပါတဲ့ အရာလေးတွေကို ပြန်လည်အချိန်ပေးရင်း ပိတ်ရက်ကို ဖြတ်သန်းတာလည်း စိတ်ကျေနပ်မှု အပြည့်အဝရစေမယ့် နည်းလမ်းကောင်းတစ်ခုပါပဲ။
အိမ်ရှင်းမယ်
Photo : The Spurce
ပိတ်ရက်ရှည်ကို အသုံးချဖို့ နောက်ထပ်နည်းလမ်းကောင်းလေး တစ်ခုကတော့ အိမ်ရှင်းတာပဲ။ ကိုယ့်ရဲ့ အိမ် သို့မဟုတ် အခန်းကို သန့်ရှင်းရေး ပြုလုပ်ပါ။ မလိုတာတွေ စွန့်ပစ်ပါ။ အခန်းထဲရှိ ပစ္စည်းများကို ပြန်လည်နေရာချပေးပါ။ ဒီလို အခန်းအပြင်အဆင် ပြောင်းလဲမှုကြောင့် စိတ် အပြောင်းအလဲ ဖြစ်စေသလို လန်းဆန်းတတ်ကြွမှုကိုလည်း ခံစားရစေပါတယ်။
နောက်နှစ်အတွက် Plan ချမယ်
Photo : Next Luxury
ပိတ်ရက်ရှည်မှာ ကိုယ့်ရဲ့ ပြီးခဲ့တဲ့ အချိန်တွေကို ပြန်စဉ်းစားကြည့်လိုက်ပါ။ ကျေနပ်မှု ရှိခဲ့ပါရဲ့လား။ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်စရာရှိတာများကို ပြင်ဆင်ပါ။ နောက်နှစ်မှာ ကိုယ်ဘယ်နေရာအထိ ရောက်ချင်လဲ။ ဘယ်အရာတွေကို ပိုင်ဆိုင်ချင်လဲဆိုတာ စဉ်းစားပြီး Plan ချပါ။ ကိုယ့်လိုချင်တဲ့အရာတွေ၊ ကိုယ့်လိုအပ်ချက်တွေကို ပြန်လည်သုံးသပ်ဖို့အတွက် အချိန်အလုံအလောက် ရှိပါတယ်။
ဒီနည်းလမ်းလေးတွေက အနားယူရင်း အပျင်းလည်းပြေ အကျိုးလညါးရှိစေတာမို့ အိမ်တွင်းပုန်းမဲ့ ဘရားသားတို့အတွက် အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်ဗျာ။
Featured Photo : Earth