သင်္ကြန် ရုံးပိတ်ရက်ရှည်ကြီး တဖြည်းဖြည်း နီးလာပြီဆိုတော့ ကွီးတို့အားလုံးလည်း ခရီးသွား ချင်တဲ့ ပိုးလေးတွေ လက်လက်ထနေလောက်ပြီပေါ့။ သင်္ကြန်ပိတ်ရက်ရှည်ကြီးမှာ ဘယ်မှမသွားဘဲ အိမ်တွင်းပဲ အောင်းနေမယ်ဆိုရင်တော့ ဘဝကြီးက ပျင်းစရာကောင်းမှာ အသေအချာပါပဲ။ ရလာတဲ့အခွင့်အရေးကို လက်လွတ်မခံဘဲ သင်္ကြန် ပိတ်ရက်မှာ ခရီးသွား ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နေရာများဆီသို့ သွားရောက်သင့်ပါတယ်။

ထားဝယ်

သင်္ကြန် ခရီးသွား

Photo: Myanmar Net

ကမ်းခြေပေါင်း (၃၀) ကျော် ပိုင်ဆိုင်ထားတဲ့ မြို့လေးကတော့ ထားဝယ်မြို့ပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ နိုင်ငံခြားက ကမ်းခြေတွေဆီ သွားမလည်ခင် ကိုယ့်နိုင်ငံထဲက ကမ်းခြေတွေဆီ အရင်ဦးဆုံး သွားလည်သင့်ပါတယ်။ ထားဝယ်သည် အာဆီယံ အမှိုက်ကင်းစင်ဆုံးဆုရထားတဲ့အတွက်ကြောင့် ကွီးတို့ သွားလည်တဲ့အခါမှာလည်း ထိုဆုကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ လုပါတယ်။

ငပလီ

သင်္ကြန် ခရီးသွား

Photo: Agoda

ငပလီသည်လည်း ကမ်းခြေချစ်သူများအကြား ရေပန်းစားတဲ့ နေရာတစ်နေရာပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ သင်္ကြန် ပိတ်ရက်အတွင်းမှာ ငပလီဆီသို့ ခရီးသွား မယ်ဆိုရင်တော့ ဘိုကင်ကြိုတင်ထားကာမှ စိတ်ချရမှာနော်။ အခုတောင် ဘိုကင်တွေ ပြည့်သလောက် ဖြစ်နေပါပြီ။ ပင်လယ်ပြင်ကြီးကို နောက်ခံထားပြီး ဓာတ်ပုံရိုက်ချင်သူများအတွက်လည်း လှပတဲ့ ကမ်းခြေတစ်ခုပဲ ဖြစ်ပါတယ်။

ပုပ္ပါး

ပုပ္ပါး

Photo: Banyancanopy

သင်္ကြန်တွင်းမှာ လည်ပတ်ချင်တယ်ဆိုရင်တော့ ပုပ္ပါးက စံကားဝါတွေက ကွီးတို့ကို စောင့်ကြိုနေပါလိမ့်မယ်။ ဝါဝါထိန်ထိန်ဖြင့် အစွမ်းကုန်ပွင့်လန်းနေတဲ့ စံကားဝါပင်များကို နောက်ခံထားပြီး ဓာတ်ဖမ်းလို့လည်း ရပါသေးတယ်။ ပုပ္ပါးမှာ လည်ပတ်ပြီးတဲ့အခါ နောက်တစ်ရက်ကျရင် ပုဂံမြို့အနှံ့ ဆက်လက် လည်ပတ်နိုင်ပါသေးတယ်။ အညာဒေသရဲ့ အညာသင်္ကြန်ကို မကြုံဖူးသေးရင် တစ်ခါလောက် သွားရောက်လည်ပတ်သင့်ပါတယ်။

ဘားအံ

သင်္ကြန် ခရီးသွား

Photo: Novo-monde

ကရင်ပြည်နယ်က ဘားအံမြို့သည်လည်း ရန်ကုန်ကနေ သွားမယ်ဆို နီးနီးလေးပါပဲ။ လမ်းတွေလည်း ကောင်းတော့ လမ်းကြမ်းတာတွေ၊ ခရီးပန်းတာတွေကို ကြောက်နေစရာမလိုတော့ပါဘူး။ ဘားအံကို ရောက်ပြီဆို သွားလည်စရာတွေကလည်း အများကြီးပါပဲ။ ဘုရင့်ညီဂူနဲ့ ရေပူစမ်း၊ မဟာဆဒ္ဒန် လိုဏ်ဂူတော်၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကျောက်ကလပ်စတီ၊ ကန်သာယာ စသဖြင့် အများအပြားရှိပါတယ်။ ဇွဲကပင်တောင် တက်မယ်ဆိုရင်တော့ ပူအိုက်တဲ့ ရာသီဥတုဒဏ်ကို အံ့တုပြီးတော့ တက်ရပါလိမ့်မယ်။ ညဘက်မှာလည်း ညဈေးလည်း ရှိတာဆိုတော့ ကွီးတို့ Night Out ထွက်လို့ ရပါသေးတယ်။

တောင်ကြီး – အင်းလေး

သင်္ကြန် ခရီးသွား

Photo: Lonely Planet

ဒီနေရာ သုံးနေရာကတော့ တကယ့်ကို လက်မလွတ်သင့်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ တောင်ကြီးမြို့ထဲမှာတင် လည်ပတ်စရာတွေက အများကြီးပဲရှိပါတယ်။ ရာသီဥတုကလည်း ရန်ကုန်မှာလို ပူလောင်အိုက်စက်မှာ မဟုတ်ပါဘူး။ သင်္ကြန်အတွင်း အင်မတန်ကို စည်ကားတဲ့နေရာကတော့ အင်းခေါင်းဆည် (ဟဲဟိုးဆည်) ပဲ ဖြစ်ပါတယ်။ တောင်ကြီးမှာ တစ်ရက်၊ နှစ်ရက်လောက် လည်ပတ်ပြီးတဲ့အခါ နောက်ရက်ကျရင် အင်းလေးသွားပြီး ဘုရားဖူးနိုင်ပါသေးတယ်။ တောင်ကြီးသွားနေစဥ် လမ်းတစ်လျှောက်မှာလည်း ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာအများကြီးရှိတာကြောင့် ဓာတ်ပုံရိုက်ရတာ ဝါသနာပါသူတွေအတွက် ကွက်တိပဲပေါ့။

ကွီးတို့ရော သင်္ကြန် ပိတ်ရက်ရှည်မှာ ဘယ်နေရာတွေဆီ ခရီးသွား ဖို့ စီစဥ်ထားပါသလဲ။

Featured Image: Freepik