ကျွန်တော်တို့ လူသားတွေအတွက် သဘာဝက ပေးတဲ့ လက်ဆောင်တွေ အများကြီးရှိပါတယ်။ ဥပမာ ပြောရရင် နေရောင်ခြည်ဟာ ဗီတာမင် D ဓာတ်ကို ထောက်ပံ့ပေးသလို တခြားသော လတ်ဆတ်တဲ့ ဟင်းရွက်ဟင်းရွက်နဲ့ အသီးအနှံတွေ ဟာဆိုရင်လည်း ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အာဟာရဓာတ်တွေ အများကြီး ပေးစွမ်းပါတယ်။ ဒါတင်မကသေးပါဘူး သဘာဝမှာ အိုမင်းရင့်ရော်မှုကို ဆန့်ကျင်တဲ့ အစွမ်းထက် နတ်ဆေးတွေလည်း အများကြီးရှိ ပါသေးတယ်။ ဒီဆောင်းပါးလေးမှာတော့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှု ကို နှေးကွေးစေနိုင်တဲ့ သဘာဝ ရဲ့ အကောင်းဆုံး လျှို့ဝှက်ချက်အချို့ကို ပြောပြပေးချင်ပါတယ်။
(၁) ပင်စိမ်း
Photo : Medical News Today
ပင်စိမ်းရွက်ဟာ အိုမင်းရင့်ရော်ခြင်းလက္ခဏာတွေကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက် သဘာဝပစ္စည်းတစ်ခု ဖြစ်ပါတယ်။ လေ့လာမှုတစ်ခုအရ ပင်စိမ်းကို လိမ်းဆေးအနေနဲ့ လိမ်းမယ်ဆိုရင် အသားအရေ အစိုဓာတ်ကို ထိန်းပေးပြီး အသားအရေခြောက်သွေ့ကြမ်းတမ်းခြင်းနဲ့ အရေးအကြောင်းတွေကို လျော့ပါးစေကာ အသားအရေကို နူးညံ့ချောမွေ့စေတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
အိုမင်းရင့်ရော်မှု ကို ဆန့်ကျင်တဲ့ အကျိုးကျေးဇူးတွေအတွက် ပင်စိမ်းကို ဘယ်လိုအသုံးပြုမလဲ
လိုအပ်တဲ့ ပစ္စည်းများ
- သန့်စင်ထားတဲ့ ပင်စိမ်းရွက် ၁ ခွက်
- ဂျုံမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
- ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အသုံးပြုနည်းအဆင့်ဆင့်
- ပင်စိမ်းရွက်ကို ပျော့သွားအောင် ရေခပ်နွေးနွေးလေးရောထည့်ပြီး ကြိတ်ချေပေးပါ။
- ရလာတဲ့ ပင်စိမ်းရွက်အနှစ်ကို ဂျုံမှုန့် ၊ ပျားရည်တို့နဲ့ ရောမွှေပါ။
- ပြီးတဲ့အခါ ပင်စိမ်းအနှစ်ကို မျက်နှာပေါ်အနှံ့ ခပ်ပါးပါးလိမ်းပြီး ၁၅ မိနစ်ခန့် ခြောက်အောင်ထားလိုက်ပါ။
- အချိန်ပြည့်ရင် ကြက်သီးနွေးရေနဲ့ မျက်နှာသစ်လိုက်လို့ ရပါပြီ။
(၂) သစ်ကြံပိုးခေါက်
Photo : CNN
သစ်ကြံပိုးခေါက်ကို ရှေးနှစ်ပေါင်းများစွာကတည်းက အိန္ဒိယရိုးရာဆေးပညာမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါတယ်။ သစ်ကြံပိုးခေါက်မှာ ကော်လာဂျင် ပြိုကွဲမှုကို ကာကွယ်ပေးပြီး အသားအရေ လျော့ရဲမှုကို ထိန်းသိမ်းပေးတဲ့ ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့် အိုမင်းရင့်ရော်မှုကို ဆန့်ကျင်တဲ့ အကျိုးကျေးဇူးတွေ ရှိတယ်လို့ ဆိုကြပါတယ်။ လေ့လာမှုတစ်ခုမှာလည်း သစ်ကြံပိုးခေါက်ဟာ သဘာဝ အတိုင်းကော်လာဂျင်ပေါင်းစပ်မှုကို မြှင့်တင်ပေးပြီး အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေကို လျော့ချကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
အိုမင်းရင့်ရော်မှုကို ဆန့်ကျင်တဲ့ အကျိုးကျေးဇူးတွေအတွက် သစ်ကြံပိုးခေါက်ကို ဘယ်လိုအသုံးပြုမလဲ
လိုအပ်တဲ့ ပစ္စည်းများ
- သစ်ကြံပိုးခေါက်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
- ပျားရည်စိမ်း (Raw Honey) လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အသုံးပြုနည်းအဆင့်ဆင့်
- ပါဝင်ပစ္စည်းတွေကို ပန်းကန်တစ်ခုထဲမှာ သေချာသမအောင် ရောမွှေပါ။
- ရလာတဲ့အနှစ်ကို မျက်နှာအနှံ့ လိမ်းကျံပေးပါ။
- ၁၀ – ၁၅ မိနစ်လောက် ထားလိုက်ပါ။
- အချိန်ပြည့်ရင် ကြက်သီးနွေးရေနဲ့ မျက်နှာသစ်လိုက်လို့ ရပါပြီ။
(၃) ဂျင်း
Photo : Freepik
ဂျင်းကတော့ ဆေးဖက်ဝင်တဲ့ မီးဖိုချောင်းသုံး သဘာဝပစ္စည်းတစ်ခု အဖြစ်လူသိများပါတယ်။ သစ်ကြံပိုးခေါက်နဲ့ အလားတူ အိန္ဒိယရိုးရာဆေးပညာနဲ့ တရုတ်ဆေးနည်းတွေမှာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ပြီး အနာရောဂါဝေဒနာမျိုးစုံကို ကုသပေးနိုင်စွမ်းရှိခဲ့ပါတယ်။ ဂျင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ မြင့်မားစွာပါဝင်ပြီး ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေနဲ့ အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေကို ကာကွယ်ကုသပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ပါရှိပါတယ်။ လေ့လာမှုတစ်ခုအရ ဂျင်းဟာ ဇီဝဖြစ်ပျက်မှုနဲ့ အသားအရေကို ပျက်စီးစေတဲ့ အန္တရာယ်ရှိတဲ့ Free Radicals ထုတ်လုပ်မှုကို ထိန်းချုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
အိုမင်းရင့်ရော်မှု ဆန့်ကျင်တဲ့ အကျိုးကျေးဇူးတွေအတွက် ဂျင်းကို ဘယ်လိုအသုံးပြုမလဲ
လိုအပ်တဲ့ ပစ္စည်းများ
- သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- သကြားအညို လက်ဖက်ရည်ဇွန်း ၄ ဇွန်း
- ခြစ်ထားတဲ့ ဂျင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်းအဆင့်ဆင့်
- အရင်ဆုံး မျက်နှာကို အပျော့စား မျက်နှာသစ်ဆေးနဲ့ သန့်စင်ပါ။
- ပါဝင်ပစ္စည်းတွေအားလုံးကို ပန်းကန်တစ်လုံးထဲမှာ သေချာသမအောင်ရောမွှေပါ။
- ရလာတဲ့ အရောအနှောနဲ့ မျက်နှာအနှံ့ ၁၀ မိနစ်လောက် ပွတ်တိုက်သန့်စင်ပေးပါ။
နောက်ထပ် ၅ – ၁၀ မိနစ်လောက် ထားလိုက်ပါ။ - အချိန်ပြည့်ရင် ကြက်သီးနွေးရေနဲ့ မျက်နှာသစ်လိုက်လို့ရပါပြီ။
(၄) နနွင်း
Photo : Divinity Nutra
ပိုးဝင်ခြင်း ၊ အဖုအပိန့်နဲ့ ယားယံခြင်းတွေကို ကုသဖို့အတွက်ဖြစ်စေ ကိုယ်ခံစွမ်းအားကို မြှင့်တင်ဖို့အတွက်ဖြစ်စေ နနွင်းဟာ စွယ်စုံရတဲ့ မှော်ဆန်တဲ့ သဘာဝပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဒါအပြင် နနွင်းကို အလှအပရေးရာနဲ့ အိုမင်းရင့်ရော်မှုတွေကို တိုက်ထုတ်ရန်အတွက်လည်း သုံးနိုင်ပါတယ်။ နနွင်းမှာပါဝင်တဲ့ Curcumin လို့ခေါ်တဲ့ ဒြပ်ပေါင်းဟာ အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့်ဖြစ်ပေါ်လာတဲ့ အိုမင်းခြင်းလက္ခဏာတွေကို ကာကွယ်ပေးပြီး Free Radical တွေကို ဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ များစွာ ပါဝင်ပါတယ်။
အိုမင်းရင့်ရော်မှု ကို ဆန့်ကျင်တဲ့ အကျိုးကျေးဇူးတွေအတွက် နနွင်းကို ဘယ်လိုအသုံးပြုမလဲ
လိုအပ်တဲ့ ပစ္စည်းများ
- နနွင်း လက်ဖက်ရည်ဇွန်း တဝက်ခန့်
- ပျားရည်စိမ်း (Raw Honey) လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- Lemon Essential Oil ၁ စက်
ပြုလုပ်နည်းအဆင့်ဆင့်
- ပါဝင်ပစ္စည်းတွေအားလုံးကို ပန်းကန်တစ်လုံးထဲမှာ သေချာသမအောင်ရောမွှေပါ။
- နနွင်း အနှစ်ကို မျက်နှာအနှံ့ လိမ်းပြီး ၁၀ မိနစ်ခန့် နှိပ်နယ်ပေးပါ။
- နောက်ထပ် ၁၀ မိနစ်ခန့် ခြောက်သွားတဲ့အထိ ထားလိုက်ပါ။
- အချိန်ပြည့်ရင် ရေအေးနဲ့ မျက်နှာသစ်လိုက်လို့ ရပါပြီ။
Featured Photo : VITAMAN USA