ဘောလုံးပရိသတ်တွေကြား ခိုက်ရန်ဖြစ်ပွားမှုတွေဟာ အမြဲတမ်းလိုလို ကြားနေရတဲ့ သတင်းတစ်ပုဒ်ပါ။ မနေ့က ကစားခဲ့တဲ့ အေဂျက်စ် နဲ့ အက်စတွန်ဗီလာတို့ရဲ့ ယူရိုပါ ကွန်ဖရင့်လိဂ်ပွဲ မတိုင်ခင်မှာလည်း အမ်စတာဒမ်က ရထားဘူတာရုံတစ်ခုမှာ ကလပ်အသင်း နှစ်သင်းရဲ့ ပရိသတ်တွေအကြား အကြမ်းဖက် ခိုက်ရန်ဖြစ်ပွားမှု ဖြစ်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။
Photo : Daily Mail
ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်အရ အေဂျက်စ်အသင်းကို အားပေးတဲ့ ပရိသတ်တချို့က ပြိုင်ဘက် အက်စတွန်ဗီလာ ပရိသတ်အနည်းစုကို ဝိုင်းဝန်းအကြမ်းဖက် တိုက်ခိုက်ခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။
အဆိုပါ ဗီဒီယိုထဲမှာ အက်စတွန်ဗီလာ ပရိသတ်တစ်ဦးဟာ ကြမ်းပြင်ပေါ် လဲကျသွားရာကနေ ပြန်ရုန်းထလာနေစဉ်မှာပဲ လူတစ်ယောက်က နောက်ပြန်လှည့်ပြီး ထိုးကြိတ်ခဲ့သလို တချိန်တည်းမှာပဲ နောက်ထပ် အကာကွယ်မဲ့နေတဲ့ ဗီလာ ပရိသတ်တစ်ဦးကို အုပ်စုဖွဲ့ ဝိုင်းဝန်းထိုးကြိတ်ကာ ကြမ်းပြင်ပေါ် လဲကျသွားတဲ့အထိ ဆက်လက်ကန်ကျောက် နေခဲ့ကြပါတယ်။
ဗီဒီယိုဖိုင်ကတော့ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ အခြေအနေမှာပဲ ရုတ်ခြည်းအဆုံးသတ်သွားပြီး နောက်ပိုင်း ဘာတွေဆက်ဖြစ်ခဲ့တယ်ဆိုတာကို လောလောဆယ် မသိရသေးပါဘူး။ အေဂျက်စ်အသင်းပရိသတ် လူဆိုးလေးတွေကတော့ ပွဲမစခင် အခုလို ပွဲရှာထားတာဟာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
၂၀၁၉ ခုနှစ် ဇွန်လတုန်းကလည်း စပါးအသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင် အေဂျက်စ် ကောင်ဆိုးလေး လေးယောက်က ရဲတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တာကြောင့် ထောင်ချခံခဲ့ရပါတယ်။ စီစီတီဗီမှတ်တမ်းတွေအရ ဒီပရိသတ်လေးယောက်ဟာ ပရိတ်သတ်တစ်ဦးကိုလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ထိခိုက်ဒဏ်ရာရစေခဲ့တာပါ။
ဒါကြောင့် အဆိုပါ ပရိသတ်လေးယောက်ကို ဗြိတိန်ရှိ ဘောလုံးကွင်းတိုင်းမှာ ပွဲကြည့်ရှုခွင့် ၆ နှစ် ပိတ်ခဲ့တဲ့အထိ မှတ်တမ်းဆိုးတွေ ရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလတုန်းကလည်း အေဂျက်စ်နဲ့ မာဆေးလ်အသင်းတို့ရဲ့ ယူရိုပါလိဂ်ပွဲစဉ်မတိုင်ခင် နှစ်ဖက်အသင်းပရိသတ်တွေကြား ပွဲဖြစ်ခဲ့တာကြောင့် အဓိကရုဏ်း နှိမ်နင်းရေးရဲတွေကပါ လူစုခွဲပေးခဲ့ရပါသေးတယ်။
ဒါ့အပြင် အောက်တိုဘာလထဲမှာ ဘရိုက်တန်နဲ့ အေဂျက်စ် တို့ရဲ့ ယူရိုပါလိဂ်ပွဲစဉ် အပြီးမှာလည်း အလားတူ နှစ်ဖက်အသင်း ပရိသတ်တွေကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီး လူစုလူဝေးဖြစ်ခဲ့တာကြောင့် ရဲတွေဝင်ရောက် ထိန်းချုပ်ပေးခဲ့ရတဲ့ အခြေအနေတွေအထိ ဖြစ်ခဲ့ပါတယ်။
Photo : The Irish Sun
တော်ဝင်နယ်သာလန် ဘောလုံးအဖွဲ့အစည်း အနေနဲ့တော့ အဆိုပါ အကြမ်းဖက်မှု ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပြီးခဲ့တဲ့နှစ် အစောပိုင်းမှာကတည်းက အေဂျက်စ် ပရိသတ်တွေအတွက် ဘောလုံးပွဲကြည့်ရှုခွင့် ပိတ်ပင်မှုအပါအဝင် စည်းမျဥ်းအသစ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
သို့သော်လည်း ယခုအချိန်အထိ မင်းမဲ့စရိုက်ဆန်တဲ့ အကြမ်းဖက်မှုတွေ ရှိနေသေးတယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက ဆိုထားပြီး ပိုမိုတင်းကြပ်တဲ့ စည်းကမ်းချက်တွေနဲ့ ကိုင်တွယ်ဖို့ လိုအပ်နေသေးတယ်လို့ အကြံပြုထားပါတယ်။
Featured Photo : The Sun