ထိတ်လန့်သည်းဖိုရသပေးတဲ့ ရုပ်ရှင်တွေ ကြိုက်သူတို့အဖို့ Horror ကားတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရတာကိုက အရသာပါပဲ။ Horror Movies ပရိသတ်တွေအတွက်တော့ ဒီနှစ်ထဲမှာ ကြည့်စရာ ကားကောင်းတွေ များများစားစား အသစ်ထွက်လာတာက သတင်းကောင်းလို့ ဆိုနိုင်ပါတယ်။ အခု ပြောမယ့် ရုပ်ရှင်တွေကတော့ ၂၀၂၂ မှာ ကြည့်ရမယ့် အမိုက်စား Horror ရုပ်ရှင်ကားတွေ ဖြစ်ပြီး တချို့လည်း ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။ ဘယ်ရုပ်ရှင်တွေ ဖြစ်မလဲဆိုတာ အောက်မှာ ဖော်ပြလိုက်ပါတယ်။
(၁) Scream
၉၆ ခုနှစ်ကတည်းက စပြီး အစဉ်အဆက် ထွက်လာတဲ့ Scream ရုပ်ရှင်တွေရဲ့ အဆက်ပါ။ ပုံမှန်အတိုင်းဆို ၂၀၂၂ ထွက်မယ့် Scream ရုပ်ရှင်ကို Scream 5 လို့ ခေါ်ရမှာ ဖြစ်ပေမယ့် Scream လို့ပဲ ပေးထားပါတယ်။ သရဲမျက်နှာဖုံးတပ် လူသတ်သမားဇာတ်လမ်းမျိုးက ကြောက်တတ်သူတို့အဖို့ ရိုးစရာအကြောင်းရှိမှာ မဟုတ်ပါဘူး။ ဒီရုပ်ရှင်က ဇန်နဝါရီ ၁၄ ရက်နေ့ကတည်းက ပြသနေတာ ဖြစ်လို့ အခုပဲ ကြည့်လို့ရနေပြီ ဖြစ်ပါတယ်။
(၂) Morbius
နာမည်ကြီး မင်းသား ဂျရတ် လီတိုက ရှားပါးသွေးရောဂါတစ်မျိုး ခံစားနေရတဲ့ ဇီဝဓါတုပညာရှင် မိုက်ကယ် မော်ဘီးယပ်စ်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကုသရင်းနဲ့မှ ကြောက်စရာကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်လာပြီး သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းသွားတဲ့ ရုပ်ရှင်ပါ။ ဒီရုပ်ရှင်ကိုလည်း ဇန်နဝါရီ ၂၈ ရက်နေ့ စတင်ပြသမယ်လို့ ကြေညာထားပါတယ်။
(၃) Texas Chainsaw Massacre
Texas Chainsaw Massacre ရုပ်ရှင်တွေက ၁၉၇၄ ခုနှစ်ကတည်းက စပြီး ရိုက်ကူးခဲ့တာပါ။ နှစ်ပေါင်း ၅၀ လောက် အကြာမှာ လူအရေခွံမျက်နှာဖုံးတပ် စိတ္တဇလူသတ်သမားပြန်လာခဲ့ပြီး တက္ကဆက်နယ်ခြားမြို့လေးထဲက သူ့နယ်ထဲ ရောက်လာတဲ့ လူငယ်တစ်စုကို အမဲလိုက်တဲ့ ဇာတ်ကားပါ။ သွေးရဲရဲ သံရဲရဲ အသတ်အဖြတ်ခန်းတွေက နှလုံးအားကောင်းမှ ကြည့်သင့်ကြောင်း ညွှန်းထားကြပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ရုံတင်ထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။
(၄) Nope
နာမည်ကြီး ဒါရိုက်တာ ဂျော်ဒန် ပီးလီရိုက်ကူးထားတဲ့ ထိတ်လန့်သည်းဖိုရုပ်ရှင်ကားသစ်ပါ။ ဇာတ်လမ်းသွားအရ ကယ်လီဖိုးနီးယားက မြင်းခြံတစ်ခုမှာ အလုပ်လုပ်တဲ့ ခြံစောင့်တွေဟာ ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်တစ်ခုနဲ့ ကြုံခဲ့ပြီး ထိတ်လန့်စရာတွေ ဆက်တိုက်ကြုံလာခဲ့ရပါတယ်။ ရုံတင်မယ့်ရက်ကတော့ ဇူလိုင် ၂၂ ရက်လို့ ဆိုပါတယ်။
(၅) Hocus Pocus 2
Halloween ကားတွေထဲက အသစ်ထွက်လာမယ့် Hocus Pocus 2 မှာ Sanderson ညီအစ်မသုံးဖော် ပြန်ပါလာမှာပါ။ ၂၉ နှစ်အကြာမှာ ဘက်စ်ကာလို့ ခေါ်တဲ့ အထက်တန်းကျောင်းသူလေးက ဒီ ၃ ယောက်ကို Halloween မှာ မတော်တဆဆင့်ခေါ်မိရာကနေ ပြဿနာတွေ တက်ခဲ့ပြီး ဘက်စကာနဲ့ တခြားကျောင်းသားနှစ်ဦးက သူတို့ကို ရပ်တန့်ဖို့ လုပ်ရပါတော့တယ်။ ၂၀၂၂ နှစ်ကုန်ပိုင်းလောက် ရုံတင်ဖို့ ရှိပါတယ်။
Featured Photo : Collider