ဘရာဇီးလ် စူပါစတား တိုက်စစ် ကစားသမား နေမာကတော့ ဥရုဂွေးအသင်းနဲ့ ကစားခဲ့ရတဲ့ တောင်အမေရိကဇုန် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အတွင်း ပထမပိုင်း ပြီးဆုံးခါနီးမှာ ACL Injury ရရှိသွားခဲ့ရပြီး ဒီဒဏ်ရာ အခြေအနေကြောင့် ခွဲစိတ်မှုလည်း ခံယူသွားရမယ့်အပြင် (၇)လကနေ (၉)လလောက်အထိ အနားယူသွားနိုင်ဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

neymar injury

Photo Credit : Al Jazeera

အသက် (၃၁)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ နေမာဟာ ကစားသမားဘဝအတွင်း ဒဏ်ရာ ပြသာနာတွေ မကြာခဏ ရရှိနေသူဖြစ်ပြီး အခုလည်း ဘောလုံးသမားတိုင်းရဲ့ အိမ်မက်ဆိုးကြီးဖြစ်တဲ့ ACL Injury ပါ ထပ်ရသွားခဲ့တာကြောင့် ကာလရှည်ကြာ ထပ်မံ အနားယူသွားရဖို့က ရှိနေပါတယ်။ နေမာရဲ့ လက်ရှိကလပ် အယ်လ်ဟီလာအသင်းကလည်း နေမာလို ထိပ်တန်း ကစားသမားတစ်ဦးအတွက် ပြောင်းရွှေ့ကြေး အမြောက်အများ အသုံးပြုထားပြီးမှ အသင်းအတွက် (၅)ပွဲသာ ကစားပေးထားချိန် ACL ဒဏ်ရာကြောင့် ရာသီကုန်အထိ လက်လွတ်ရဖွယ် ရှိနိုင်ပါတယ်။

neyamr

Photo Credit : Sky Sports

ဒီဒဏ်ရာနဲ့ ပတ်သက်ပြီးတော့လည်း နေမာက “အရမ်း ဝမ်းနည်းစရာကောင်းတဲ့ အခိုက်အတန့်ပါပဲ။ ကျွန်တော့်ဘဝရဲ့ အဆိုးဆုံးအချိန်ပါ။ ကျွန်တော် ဘယ်လောက် သန်မာတယ်ဆိုတာ သိပေမယ့် အခုတစ်ခါမှာတော့ ကျွန်တော့်မိသားစု နဲ့ သူငယ်ချင်းတွေရဲ့ ပံ့ပိုးမှုကို လိုအပ်ပါတယ်။ ဒဏ်ရာရတယ်ဆိုတာက လွယ်ကူလှတာ မဟုတ်ပါဘူး။ ခွဲစိတ်မှုတွေ ခံယူပြီးတဲ့နောက် တခါပြန်ကစားနိုင်ဖို့ကို (၄)လလောက် စောင့်ရမှာပါ။ ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်ပါတယ်။ ဘုရားသခင်လက်ထဲ အပ်ထားပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

neymar acl injury

Photo Credit : CNN

နေမာအနေနဲ့ တကယ်လို့သာ (၉)လလောက်အထိ အနားယူသွားရမယ်ဆိုရင် လာမယ့် ၂၀၂၄မှာ ကျင်းပသွားမယ့် ကိုပါအမေရိက ပြိုင်ပွဲကြီးကို လွဲချော်သွားရမှာဖြစ်ပြီး အယ်လ်ဟီလာအသင်းရဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီရဲ့ လက်ကျန်ပွဲစဉ် အားလုံးကိုလည်း အနားယူရနိုင်တာကြောင့် ဒါက အယ်လ်ဟီလာအတွက်တော့ အလွန် နစ်နာစရာ ဖြစ်သွားနိုင်ပါတယ်။ နေမာကိုယ်တိုင်ကလည်း အခုလို ဒဏ်ရာတွေနဲ့သာ လုံးပန်းနေရရင်း သူရောက်သင့်ရောက်ထိုက်တဲ့ နေရာမျိုးတွေထိ ရောက်မလာနိုင်တာက တကယ်ကို နှမြောစရာကောင်းပါတယ်။

Featured Photo : The New York Times