ယနေ့ခေတ် ကမ္ဘာတဝှမ်းမှာ အဖြစ်များဆုံး ရောဂါတွေထဲကတစ်ခုကတော့ ကင်ဆာရောဂါ ဖြစ်ပါတယ်။ စစ်တမ်းတွေအရ ကင်ဆာရောဂါဟာ အမေရိကန်နိုင်ငံမှာ နှလုံးရောဂါပြီးရင် ဒုတိယသေဆုံးမှုအများဆုံး ရောဂါတစ်ခုဖြစ်ပါတယ်။ ပျှမ်းမျှ နှစ်စဉ်ကင်ဆာရောဂါကြောင့် သေဆုံးသူပေါင်း သိန်းနဲ့ ချီရှိပြီး ကင်ဆာရောဂါအမျိုးအစားခွဲပေါင်းကလည်း ရာနဲ့ချီရှိတယ်လို့ သုတေသီတွေက ခန့်မှန်းထားပါတယ်။ ရင်သားကင်ဆာ ၊ အဆုတ်ကင်ဆာ ၊ အူမကြီး/ စအိုကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတွေကတော့ အဖြစ်အများဆုံးဖြစ်ပြီး အမျိုးသားရော အမျိုးသမီးတွေမှာပါ ဖြစ်နိုင်ပါတယ်။ ကင်ဆာရောဂါ အမျိုးအစားပေါ်မူတည်ပြီး ရောဂါ လက္ခဏာ တွေကလည်း ကွဲပြားနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ လူတိုင်း မပေါ့မဆ သိထားသင့်တဲ့ ကင်ဆာရောဂါ ရဲ့ လက္ခဏာ တွေကို ပြောပြပေးချင်ပါတယ်။

(၁) အရေပြားမှာ ပြောင်းလဲမှုများ ဖြစ်ခြင်း


Photo : WebMD

သင့် အရေပြားမှာ ပုံမှန်မဟုတ်တဲ့ အရွယ်အစား ၊ ပုံသဏ္ဍာန်နဲ့ အရောင်ပြောင်းလဲခြင်းတွေ ဖြစ်လာတယ်ဆိုရင်တော့ ဒါဟာအရေပြားကင်ဆာရဲ့ လက္ခဏာ တစ်ခု ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက သင့်ခန္ဓာကိုယ်မှာရှိတဲ့ တခြားအရာတွေနဲ့ လုံးဝမတူတဲ့ အစက်အပြောက်တွေ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒီလို ပုံမှန်မဟုတ်တဲ့ အရေပြားပေါ်က အစက်အပြောက်နဲ့ အမှတ်အသားတွေကို ဆရာဝန်နဲ့ ပြပြီး စစ်ဆေးပါ။ လိုအပ်ပါက အသားစ စစ်ဆေးခြင်း ပြုလုပ်သင့်ပါတယ်။

(၂) ချောင်းအဆက်မပြတ် ဆိုးခြင်း


Photo : WebMD

ဆေးလိပ်မသောက်တဲ့ သူတစ်ယောက်အတွက် ချောင်းဆိုးတာက ကင်ဆာရဲ့ လက္ခဏာ တစ်ခု ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။ များသောအားဖြင့် အအေးမိဖျားနာခြင်း ၊ ပန်းနာရင်ကျပ်ရောဂါ ခံစားနေရခြင်း ၊ အဆုတ်နဲ့ အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း စတဲ့ အခြေအနေတွေကြောင့် ချောင်းဆိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ချောင်းဆိုးတာ ရက်ရှည်ကြာလာတယ် သို့မဟုတ် ချောင်းဆိုးရင် သွေးပါတယ် ဆိုရင်တော့ မပေါ့ဆသင့်တော့ပါဘူး။ အထူးသဖြင့် ဆေးလိပ်သောက်တဲ့ သူတွေအနေနဲ့ သတိကြီးကြီး ပိုထားရပါမယ်။ ဒါဟာအဆုတ်ကင်ဆာရဲ့ အစောပိုင်း လက္ခဏာ တစ်ခု ဖြစ်နိုင်တာကြောင့် ချွဲကို ဓာတ်ခွဲစမ်းသပ်တာ ၊ အဆုတ်ကိုဓာတ်မှန်ရိုက်တာ စတဲ့ နည်းလမ်းတွေနဲ့ ရောဂါစမ်းသပ်ရှာဖွေဖို့ လိုပါတယ်။

(၃) ဆီးသွားတဲ့အခါ ပြဿနာရှိခြင်း

Photo : WebMD

အမျိုးသားအများစုမှာ အသက်ကြီးလာတာနဲ့အမျှ မကြာခဏ ဆီးသွားလိုခြင်း၊ ဆီးထိန်းရခက်ခြင်း ၊ ဆီးတစ်စက်စက်ထွက်ခြင်းနဲ့ ဆီးလမ်းကြောင်းအားနည်းခြင်းတို့လို့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် ဒါတွေဟာ အမျိုးသားတိုင်း စိတ်ပူရတဲ့ ဆီးကျိတ်ကြီးခြင်းရဲ့ လက္ခဏာတွေ ဖြစ်ပေမယ့် ဆီးကျိတ်ကင်ဆာရောဂါလည်း ဖြစ်နိုင်ခြေရှိပါတယ်။ ဒီလို ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရပါက ဆရာဝန်နဲ့ ပြသပြီး PSA Test လို့ခေါ်တဲ့ သွေးစစ်ဆေးမှုခံယူ သင့်ပါတယ်။

(၄) ဝမ်းသွားတဲ့အခါ သွေးပါခြင်း


Photo : WebMD

ဝမ်းသွားတဲ့အခါ သွေးပါတာက သွေးပြန်ကြောတွေ ရောင်ရမ်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ လိပ်ခေါင်းရောဂါရဲ့ လက္ခဏာ တစ်ခု ဖြစ်နိုင်သလို အူမကြီးကင်ဆာရောဂါရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ဆီးထဲမှာသွေးပါတာကတော့ ဆီးလမ်းကြောင်းပိုးဝင်တာလိုမျိုး ပြဿနာတွေကြောင့်ဖြစ်နိုင်ပေမယ့် ကျောက်ကပ် ဒါမှမဟုတ် ဆီးအိမ်ကင်ဆာလည်း ဖြစ်နိုင်ခြေရှိပါတယ်။ ဒါ့ကြောင်း ဝမ်းနဲ့ ဆီးမှာ သွေးစတွေပါလာပါက ဆရာဝန်နဲ့ ချက်ချင်းသွားရောက် ပြသပြီး ဆေးစစ်မှု ခံယူသင့်ပါတယ်။

(၅) ဝှေးစေ့ပြောင်းလဲမှု ဖြစ်ခြင်း


Photo : WebMD

အမျိုးသားတွေအနေနဲ့ ဝှေးစေ့အတွင်း အဖုအကြိတ် သို့မဟုတ် ရောင်ရမ်းခြင်းတွေကို သတိပြုမိပါက ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။ နာကျင်မှုမရှိတဲ့ အဖုအကြိတ်တွေက ဝှေးစေ့ကင်ဆာရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတစ်ခု ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ အမျိုးသားတွေအနေနဲ့ ဝှေးစေ့/ကပ်ပယ်အိတ်အတွင်း လေးလံတဲ့ ခံစားမှု သို့မဟုတ် ဝှေးစေ့တွေက ပုံမှန်ထက် ပိုကြီးနေတယ်လို့ ခံစားရတက်ပါတယ်။ ဒီလို ပုံမှန်မဟုတ်တဲ့ ထူးခြားမှုတစ်စုံတစ်ရာ ဖြစ်ပေါ်နေပါက အကျိတ်ရှိမရှိ သို့မဟုတ် အခြားရောဂါပြဿနာများရှိမရှိ သေချာအောင် Ultrasound Scan အသုံးပြုပြီး စစ်ဆေးနိုင်ပါတယ်။

(၆) မျိုချရခက်ခြင်း


Photo : WebMD

သာမန်အအေးမိခြင်း၊ အက်ဆစ်ပြန်တက်ခြင်းနဲ့ အချို့သောဆေးဝါးများကပင် မျိုချရခက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါဟာ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ သူ့အလိုလိုပျောက်ကင်းသက်သာ သွားတက်ပါတယ်။ ဒါပေမယ့် ရက်သတ္တပတ် အနည်းကြာလာသည်တိုင် မျိုချရခက်တဲ့ ပြဿနာဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ မျိုချရခက်ခြင်းဟာ လည်ချောင်းကင်ဆာ သို့မဟုတ် အစာပြွန်လို့ခေါ်တဲ့ ပါးစပ်နဲ့အစာအိမ်ကြားရှိ အစာပြွန်ပိုက်တွေရဲ့ ကင်ဆာ လက္ခဏာ တစ်ခု ဖြစ်နိုင်ပါတယ်။ ရောဂါအခြေအနေကို ပိုမိုရှင်းလင်းပြတ်သားစွာသိရှိနိုင်အောင် သင့်လည်ချောင်းကို Barium X-Ray ကဲ့သို့ စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။

(၇) ကိုယ်အလေးချိန်ကျဆင်းခြင်း


Photo : WebMD

သေချာတာကတော့ သင့်ရဲ့ စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်းကြောင့် ကိုယ်အလေးချိန်ကျပြီး ပိန်နိုင်ပါတယ်။ စိတ်ဖိစီးမှု သို့မဟုတ် သိုင်းရွိုက်ပြဿနာကဲ့သို့ အခြားသော ကျန်းမာရေးအခြေအနေတွေကြောင့်လည်း ကိုယ်အလေးချိန် ကျတက်ပါတယ်။ ဒါပေမယ့် Diet လည်းမလုပ် ၊ လေ့ကျင့်ခန်းလည်း မလုပ်ပါပဲ သူ့အလိုလို ကိုယ်အလေးချိန် ၁၀ ပေါင်နဲ့အထက် လျော့ကျလာတယ်ဆိုရင်တော့ ဒါဟာ ပုံမှန်မဟုတ်ပါဘူး။ ပန်ကရိယ ၊ အစာအိမ် ၊ အစာပြွန် ၊ အဆုတ်နဲ့ အခြားသော ကင်ဆာအမျိုးအစားတွေရဲ့ ရှေးပြေး လက္ခဏာ တစ်ခု ဖြစ်နိုင်ပါတယ်။

Featured Photo : Medical News Today