ချယ်လ်ဆီး နဲ့ ရီးယဲလ် မက်ဒရစ်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး အီဒင် ဟာဇက် က လက်ရှိမှာ free agent player တစ်ဦးအဖြစ် ရှိနေချိန် သူ့ကို ကမ်းလှမ်းလာတဲ့ အသင်းတွေလည်း ရှိမနေသေးတာကြောင့် အသက် (၃၂)နှစ်အရွယ်မှာပဲ ကစားသမားဘဝကနေ အနားယူလိုက်ဖို့အထိ စဉ်းစားနေပြီဖြစ်ကြောင်း သိရပါတယ်။

hazard 7

Photo Credit : The Real Champ

ဘယ်လ်ဂျီယံ လက်ရွေးစင် ကစားသမား ဟာဇက် က ၂၀၁၉ခုနှစ်မှာ ချယ်လ်ဆီးကနေ ရီးယဲလ်အသင်းဆီ ယူရို (၁၄၆)သန်း (အပိုဆုကြေးအပါ) နဲ့ ပြောင်းရွှေ့ခဲ့သလို အသင်းမှာ ဂန္တဝင် ကျောနံပါတ် (၇)ကို ဝတ်ဆင်ခွင့် ရခဲ့ပေမယ့်လည်း ခြေစွမ်းပြသနိုင်ခြင်း မရှိပဲ ဒဏ်ရာတွေနဲ့သာ ရုန်းကန်ခဲ့ရတာကြောင့် ဇွန်လအတွင်းမှာပဲ ရီးယဲလ်က ဟာဇက်နဲ့ စာချုက်သိမ်းခဲ့ပါတယ်။ ဟာဇက်က ရီးယဲလ်မှာ (၄)ရာသီအထိ ကျင်လည်ခဲ့ရင်း ပြိုင်ပွဲစုံ (၇၆)ပွဲသာ ကစားခဲ့ရပြီး (၇)ဂိုးသာ သွင်းယူနိုင်ခဲ့သလို ရီးယဲလ်အတွက် ပွဲစဉ်ပေါင်း (၇၇)ပွဲအထိကို လွဲချော်ခဲ့ရပါတယ်။

eden injury

Photo Credit : Sky Sports

ရီးယဲလ်က ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အသင်းကနေ လက်လွတ်လိုက်ရချိန်မှာ နောက်ထပ် စူပါစတား ကစားသမားဖြစ်တဲ့ ဟာဇက်ကို တစ်ပတ်လုပ်ခ ပေါင် (၄၀၀၀၀၀)အထိ ပေးချေပြီး အသင်းဆီ ခေါ်ဆောင်ခဲ့ပေမယ့်လည်း ဟာဇက်က သူရဲ့ ရီးယဲလ် ကစားသမားဘဝ ပထမဆုံး ရာသီမှာပဲ ပြိုင်ပွဲစုံ (၂၂)ပွဲသာ ကစားခဲ့ရပြီး (၁)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ နောက်ရာသီတွေမှာလည်း ဟာဇက် က ချယ်လ်ဆီးမှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးတွေ မပြသနိုင်ပဲ ရုန်းကန်ခဲ့ရလို့ နောက်ဆုံးမှာတော့ စာချုပ် တစ်နှစ် ကျန်နေသေးချိန်မှာပဲ စာချုပ်ဖျက်သိမ်းဖို့ကိုပဲ နှစ်ဖက်စလုံးက သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

hazard

Photo Credit : ESPN

ဒီလို အသင်းလက်မဲ့ ဖြစ်သွားတဲ့ ဟာဇက်ကို မေဂျာလိဂ် ကလပ် အင်တာ မိုင်ယာမီ နဲ့ သူရဲ့ မွေးရပ်မြေ ဘယ်လ်ဂျီယံက ကလပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့်လည်း ဟာဇက်ကိုယ်တိုင်က ဥရောပ ထိပ်သီး အသင်း တစ်သင်းသင်းဆီကိုသာ ပြောင်းရွှေ့ ကစားလိုနေပါတယ်။ ဒါပေမယ့် ဥရောပ ထိပ်တန်းအသင်းတွေကလည်း ဟာဇက် ရဲ့ ကြံခိုင်မှု အခြေအနေ နဲ့ လစာအနေအထားတွေကြောင့် ခေါ်ယူဖို့ လက်တွန့်နေကြတဲ့အတွက် ဟာဇက်က ကစားသမားဘဝကို အဆုံးသတ်လိုက်ဖို့အထိပါ စဉ်းစားလာခဲ့ပါတယ်။

Featured Photo : Eurosport