ဒီနေ့ မနက်အစောပိုင်းမှာ လန်ဒန် အခြေစိုက် ထိပ်သီး ကလပ်အသင်းကြီးတွေဖြစ်သော အာဆင်နယ် နဲ့ ချယ်လ်ဆီးအသင်းတို့က သူတို့ရဲ့ ရာသီကြို ခြေစမ်းပွဲတွေကို အသီးသီး ယှဉ်ပြိုင် ကစားခဲ့ကြရင်းနဲ့ ဒီအသင်းတွေရဲ့ ကစားသမားသစ်တွေကလည်း ပွဲဦးထွက် ဂိုးတွေ သွင်းယူနိုင်ခဲ့ကြသလို အသင်းတွေလည်း ဂိုးပြတ် ခြေပြတ်နဲ့ နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။
Photo Credit : Arsenal FC Twitter
ဂျာမနီမှာ နုရင်ဘတ်အသင်းနဲ့ ခြေစမ်းရင်း တစ်ဖက် တစ်ဂိုးစီနဲ့ သရေပွဲသာ ရရှိထားခဲ့ရတဲ့ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ အမေရိကန် ခရီးစဉ်အစမှာတော့ မေဂျာလိဂ် all-star အသင်းကို ဂိုးပြတ် ခြေပြတ်နဲ့ နိုင်ပွဲ ရယူသွားခဲ့ပါတယ်။ အာဆင်နယ်က ပထမပိုင်း ပွဲကစားချိန်အတွင်းမှာပဲ ဂျေဇူး ထရိုဆက်ဒ်တို့ရဲ့ အမိုက်စား ဂိုးတွေနဲ့ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဒက်ကလန် ရိုက်စ် ၊ တင်းဘား နဲ့ ဟာဗက်ဇ်တို့ ပါဝင်လာခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဂျော်ဂျင်ဟိုက ပင်နယ်တီကနေ တတိယဂိုး မာတင်နယ်လီက စတုတ္ထဂိုးနဲ့ ကစားသမားသစ် ဟာဗက်ဇ်ကလည်း ပွဲသိမ်းဂိုးနဲ့ အာဆင်နယ် ကစားသမားဘဝ ပွဲဦးထွက် ဂိုးတို့ကို သွင်းယူနိုင်ခဲ့ပါတယ်။
Photo Credit : Chelsea Twitter
ချယ်လ်ဆီးအသင်းကလည်း အမေရိကန်နိုင်ငံ ဖလော်ရီဒါမှာ Deadpool မင်းသားကြီး ရိုင်ယန် ရေးနိုးစ် ပူးတွဲ ပိုင်ဆိုင်ထားတဲ့ ဝရက်ဇ်ဟမ်းအသင်းနဲ့ ခြေစမ်းပွဲ ကစားခဲ့ရာမှာ (၅)ဂိုးပြတ်နဲ့ကို အပြတ်အသတ် နိုင်ပွဲရသွားခဲ့ပါတယ်။ မနှစ်ကဘောလုံးရာသီမှာ ဘန်လေအသင်းဆီ အငှား သွားရောက် ကစားခဲ့တဲ့ ဒတ်ချ် ကြယ်ပွင့်လေး မတ်ဆန်ရဲ့ သွင်းဂိုး (၂)ဂိုးနဲ့ ချယ်လ်ဆီးက ပထမပိုင်းမှာ ဦးဆောင်ထားပြီး ဒုတိယပိုင်းမှာလည်း ဂယ်လာဂါက တတိယဂိုးနဲ့ စတုတ္ထဂိုးကိုတော့ ကစားသမားသစ် အန်ကွန်ကူက သွင်းယူရင်း ပွဲသိမ်းဂိုးကိုတော့ ဘင် ချီဝဲလ်က သွင်းယူခဲ့ပါတယ်။ ဒီပွဲမှာတော့ ချယ်လ်ဆီးရဲ့ နောက်ထပ် ကစားသမားသစ်တွေဖြစ်သော နီးကိုးလပ်စ် ဂျက်ဆန် နဲ့ အန်ဂျလို ဂါဘရီရယ်တို့ကလည်း ဂိုးဖန်တီးမှု တစ်ကြိမ်စီ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
Featued Photo : Twitter