ချယ်လ်ဆီး အသင်းကတော့ နွေဈေးကွက် စမဖွင့်ခင်ကတည်းကကို ကစားသမားသစ် ခေါ်ယူမှုတွေ အမှန်အကန် လုပ်ဆောင်နေရင်း အခုဆိုရင် သူတို့ ခေါ်ယူထားတဲ့ ကစားသမား အရေအတွက်က (၆)ယောက်ခန့်လောက်အထိတောင် ရှိနေပြီပဲ ဖြစ်ပါတယ်။ တခြားအသင်းတွေက အပြောင်းအရွှေ့သတင်းတောင် မထွက်သေးတဲ့ အချိန်မှာ ချယ်လ်ဆီးက ကစားသမား (၅)ဦးအထိ အပြီးသတ် ခေါ်ယူထားနိုင်တာက ရှယ်ကြမ်းနေတယ်လို့တောင် ပြောရမလိုပါပဲ။

marc guiu and kellyman

Photo Credit: Chelsea Football Club

ဒါပေမယ့် ချယ်လ်ဆီး အခု ခေါ်ယူထားတဲ့ ကစားသမားတွေထဲမှာ ပါးလ်မီးရပ်စ်ကနေ ခေါ်ယူထားတဲ့ အက်စတေဗိုကတော့ ချယ်လ်ဆီးဆီ ၂၀၂၅မှသာ လာရောက် ပူးပေါင်းမှာဖြစ်ပြီး ဘာစီလိုနာက ခေါ်ယူထားတဲ့ မက်ခ့် ဂီအူ ဗီလာကနေ ခေါ်ယူထားတဲ့ ကယ်လ်မီန်းနဲ့ အခု နောက်ဆုံး ဘေဆယ်လ်ကနေ ခေါ်ယူလိုက်တဲ့ ရီနာတို ဗီယေဂါတို့ဟာလည်း ချယ်လ်ဆီး စီနီယာအသင်းအတွက် အသင့်သုံး ကစားသမား ဖြစ်မလာနိုင်သေးပဲ ချယ်လ်ဆီးအသင်းပိုင်ရှင် BlueCo တို့ ထပ်မံ ဝယ်ယူထားတဲ့ လီဂူးဝမ်းကလပ် စထရာဘိုးအသင်းဆီ ဒါမှမဟုတ် တခြားအသင်းတွေဆီ အငှားစေလွတ်နိုင်ပါတယ်။

Dewsbury-Hall

Photo Credit: Chelsea Football Club

ဒါကြောင့် လက်စတာကနေ ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဒူစ်ဗရီဟောလ်နဲ့ ဖူလ်ဟမ်ကနေ အလွတ်နဲ့ ဆွဲစားထားတဲ့ နောက်ခံလူ အဒါယာဘိုင်အိုယိုတို့လောက်ပဲ ချယ်လ်ဆီး အသင်းကြီးအတွက် ready to use ဖြစ်လာနိုင်ပါတယ်။ ဒါတောင်မှ ကိုင်စီဒို အန်ဇို လာဗီယာတို့ ရှိနေမယ့် ချယ်လ်ဆီးကွင်းလယ်မှာ ဒူစ်ဘရီဟောလ် နေရာရဖို့က သူ့ဆရာဟောင်း မာရက်စ်ကာပေါ်မှာလည်း ပိုပြီး မူတည်နေပါလိမ့်မယ်။ ဆိုတော့ ချယ်လ်ဆီးက လူတွေသာ ခေါ်ထားပေမယ့်လည်း အသင်းအတွက် အသင့်သုံးလို့ရတာက (၂) ဦးခန့်ပဲ ရှိနေသေးတာဖြစ်လို့ နောက်ထပ် ခေါ်ယူမှုတွေကိုလည်း ထပ်မံ မြင်တွေ့လာရမှာ သေချာနေပါတယ်။

lewis hall and maatsen

Photo Credit: Futbol CheIsea

ကစားသမား (၅) ဦးကို အပြီးသတ် ခေါ်ယူထားတဲ့ ချယ်လ်ဆီး က မတ်ဆန် ၊ လူးဝစ်ဟောလ်နဲ့ ဟတ်ချင်ဆန်တို့ (၃)ဦးကို ရောင်းချထားရာကနေလည်း ယူရို (၁၀၁)သန်းအထိ ရရှိထားပြီး ဇီယက်ရှ်နဲ့ သီယာဂို ဆေးလ်ဗားတို့ကိုလည်း အသင်းကနေ ထွက်ခွာခွင့်ပြုထားပါတယ်။ ကစားသမား ခေါ်ယူမှုထက် ကစားသမား ရောင်းချမှုကနေ ငွေကြေးတွေ ပိုဝင်နေတဲ့ ချယ်လ်ဆီးက လူကာကူ ၊ ဂါလက်ဂါ ၊ ကယ်ပါ ၊ ဘရိုဟာ နဲ့ ချာလိုဘာတို့ကိုလည်း ထပ်မံ ရောင်းချဖို့ ရှိနေပြီး ဒီကစားသမားတွေ ထွက်သွားရင်လည်း နောက်ထပ် ကစားသမားသစ်တွေ ဆက်လက် ဖြည့်တင်းသွားဖွယ်လည်း ရှိနိုင်ပါတယ်။

Featured Photo: Chelsea Football Club