ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သမိုင်းတစ်လျှောက်မှာ ဘယ်အသင်းကမှ မရယူဖူးသေးတဲ့ အလန်းစား စံချိန်ကြီးဖြစ်တဲ့ (၄)ရာသီဆက်တိုက် အမှတ်ပေး ချန်ပီယံဆိုတဲ့ မှတ်တမ်းကောင်းတစ်ခုကို ရယူထားခဲ့တဲ့ မန်ချက်စတာ စီးတီး အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ ဒီနောက်ပိုင်းနှစ်တွေထဲ တစ်ခါမှ မကြုံဖူးတဲ့ အခြေအနေဆိုးကြီးတစ်ခုနဲ့ ရင်ဆိုင် ကြုံတွေ့ခဲ့ရပါတယ်။

Photo : BBC

အသင်းမှာ အားအထားရဆုံးဖြစ်တဲ့ ကွင်းလယ်လူ ရိုဒရီ အာဆင်နယ်နဲ့ပွဲမှာ ACL ရလိုက်တာကနေစပြီး မန်စီးတီးတို့ တိုင်ပတ်သွားခဲ့တာဟာ မယုံနိုင်စရာကောင်းလောက်အောင်ပါပဲ။ နောက်ဆုံးကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲအထိ ပြိုင်ပွဲစုံ (၁၇)ပွဲမှာ မန်စီးတီးက (၄)ပွဲတည်းသာ အနိုင်ရခဲ့ပြီး (၅)ပွဲဆက်တိုက်ပါ ရှုံးပွဲဆက်ခဲ့ပါသေးတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာဆိုရင်လည်း ဇယားထိပ်က လီဗာပူးလ်နဲ့ (၈)မှတ်အထိ ကွာဟသွားရပါတယ်။ ဒါတောင် လီဗာပူးလ်က မန်စီးတီးထက် (၁)ပွဲပိုလျော့နေပါသေးတယ်။

Photo : Goal

ဒါ့အပြင် မန်စီးတီးက ချန်ပီယံလိဂ်မှာလည်း (၃)ပွဲဆက်တိုက်အထိ နိုင်ပွဲပျောက်ထားခဲ့လို့ အုပ်စုကနေ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ဖို့က ခက်ခဲနေပါတယ်။ ပိုဆိုးတာ လက်ကျန် (၂)ပွဲမှာ ပီအက်စ်ဂျီလို အသင်းမျိုးနဲ့ ရင်ဆိုင်ရဦးမှာက မန်စီးတီးအတွက် အသက်ရှုမချောင်နိုင်ပါဘူး။ ဒီလို အခြေအနေတွေကြောင့်ပဲ မန်စီးတီးက အခု ဆောင်းဈေးကွက်အတွင်းမှာ ခပ်သွက်သွက်လေး ဝင်လှုပ်ရှားလိုက်ပါတော့တယ်။

Photo : Football365

မန်စီးတီးက ဆောင်းဈေးကွက်ထဲမှာပဲ ကစားသမား အားဖြည့်မှုအနေနဲ့ လန်းစ်အသင်းက ဥဇဘက်ကစ္စတန် နောက်ခံကစားသမားလေး ခူဆာနော့ဗ်၊ ပါးလ်မီးရပ်စ်အသင်းက ဆယ်ကျော်သက်အရွယ် ဘရာဇီးလ် ဗဟိုခံစစ်မှူးလေး ဗစ်တာ ရီးစ်နဲ့ ဒီရာသီထဲ ဖရန့်ဖတ်အသင်းမှာ အလွန်တောက်ပနေတဲ့ အီဂျစ် တိုက်စစ်ကစားသမား အိုမာ မာမွတ်ရှ်တို့ (၃)ဦးလုံးကို ခေါ်ယူသွားဖို့ သဘောတူညီမှုတွေ အသီးသီး ရယူထားနိုင်ခဲ့ပါတယ်။


Photo : SerieANews

ဒါ့အပြင် အခုဈေးကွက်မှာပဲ အသင်းကနေ စွန့်ခွာသွားတော့မယ့် အသင်းခေါင်းဆောင် ကိုင်း ဝေါ်လ်ကာနေရာအတွက် ဂျုဗင်တပ်စ်အသင်းရဲ့ အီတလီ full-back player ကမ်ဘီယာဆိုကိုလည်း ခေါ်ယူသွားဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာကြောင့် ဒီလို အားကောင်းတဲ့ အင်အားဖြည့်တင်းမှုတွေနဲ့ စီးတီး တို့ လက်ကျန် ရာသီဝက်မှာ ပြန်လာနိုင်မလားဆိုတာ လုံးဝကို စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Featured Photo : Fabrizio Romano