မန်ချက်စတာ ယူနိုက်တက် အသင်းက အဲရစ် တန်ဟက်ဂ် ကို ကစားသမားရောင်းချလို့ ရလာတဲ့ ငွေကြေးကို အပြောင်းအရွှေ့ဘတ်ဂျက်အတွက် သုံးစွဲနိုင်တယ်လို့ ပြောကြားခဲ့ပြီးနောက် ယခုနွေရာသီမှာ ပထမအသင်းကစားသမား ၅ ဦးအတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားမယ်လို့ သိရပါတယ်။

Erik Ten Hag

Photo: Football365

ဒတ်ချ်လူမျိုးနည်းပြဟာ မန်ချက်စတာယူနိုက်တက်နဲ့ ပြီးခဲ့တဲ့အပတ်မှာ ၃ နှစ် စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ပေါ့ဂ်ဘာ၊ မာတစ်၊ ကာဗာနီ၊ ဟွမ် မာတာ၊ လင်ဂတ်တို့လို ကစားသမားတွေအားလုံး ယခုရာသီ စာချုပ်သက်တမ်းကုန်တာနဲ့ အလွတ်နဲ့ ထွက်ခွာမယ့်ကိစ္စတွေနဲ့ အိုးထရက်ဖို့ဒ်မှာ အလုပ်စတင်ရမှာဖြစ်ပါတယ်။ တန်ဟက်ဂ်ဟာ လူစာရင်းထဲက အားနည်းချက်တွေကို အတည်ပြုခဲ့ပြီးဖြစ်ပြီး လူစာရင်းကို အင်အားတိုးမြှင့်ဖို့အတွက် ဗဟိုခံစစ်၊ ညာနောက်ခံ၊ အနည်းဆုံး ကွင်းလယ်ဗဟိုနဲ့ တိုက်စစ်မှူးတစ်ဦး ခေါ်ယူသွားချင်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ESPN ရဲ့ သတင်းအရ မန်ချက်စတာယူနိုက်တက်ဟာ ဒတ်ချ်လူမျိုးနည်းပြကို အပြောင်းအရွှေ့ဘတ်ဂျက်အဖြစ် ပေါင်သန်း ၁၀၀ ကနေ ၁၅၀ ကြားသာ ခွင့်ပြုခဲ့တာကြောင့် အိုင်းယက်စ်နည်းပြဟောင်း ပြုလုပ်ချင်တဲ့ အပြောင်းအရွှေ့တွေအတွက် မလုံလောက်တဲ့ အနေအထားဖြစ်နေတယ်လို့ သိရပါတယ်။

Manchester United Players

Photo: Teamtalk

အဲဒါကြောင့် တန်ဟက်ဂ်ဟာ ၎င်းရဲ့ အပြောင်းအရွှေ့ဘတ်ဂျက်ကို တိုးမြှင့်နိုင်ဖို့အတွက် ပထမအသင်းကစားသမား ၅ ဦးနဲ့ လမ်းခွဲသွားချင်နေပြီး ယူနိုက်တက်ဘုတ်အဖွဲ့က ကစားသမား ရောင်းချရာကနေ ရရှိလာတဲ့ ငွေကြေးတွေအားလုံးကို သုံးစွဲခွင့်ပြုသွားချင်တဲ့ဆန္ဒရှိနေတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အဲရစ် ဘိုင်လီ၊ ဖီးလ် ဂျုံးစ်၊ အန်သိုနီ မာစီယယ်လ်၊ အဲလက်စ် တဲလက်စ်၊ ဝမ်-ဘစ်ဆာကာတို့အတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားမှာဖြစ်ပြီး တန်ဟက်ဂ် က ၎င်းတို့အားလုံးကို အသင်းကနေ ထွက်ခွာခွင့်ပြုချင်နေတာဖြစ်ပါတယ်။

Featured Photo: Metro