မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ဝုလ်ဗ်အသင်း ကြယ်ပွင့် ဂျာအို ဂိုမက်စ်ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေအရ သိရပါတယ်။ သရဲနီတို့က အသက် ၂၃ နှစ်အရွယ် ကွင်းလယ် ကစားသမားကို ကတ်စမဲရိုး နေရာမှာ အစားထိုးဖို့ ပစ်မှတ်ထားနေတာပါ။

 Casemiro

Photo : The Sun

ယူနိုက်တက်အသင်းပိုင်ရှင် ဆာဂျင်မ် ရက်ကလစ်ဖ် ဟာ အသင်းကို လူငယ်ကစားသမားတွေနဲ့ တည်ဆောက်ဖို့ ရည်ရွယ်ထားတာကြောင့် အခုနွေရာသီမှာ ဘရာဇီးလူငယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ ကြိုးပမ်းချင်နေတာ ဖြစ်ပါတယ်။

ကွင်းလယ်လူ ကတ်စမဲရိုး ကတော့ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပြီး ယူနိုက်တက်အသင်းနဲ့ ၁၆ ပွဲအထိ လွဲချော်ခဲ့ရသလို အခုချိန်အထိ ကြံ့ခိုင်မှုကောင်းကောင်း မရသေးတဲ့အတွက် ဒီသီတင်းပတ်ကုန်မှာ အင်္ဂလန်နဲ့ ကစားမယ့် နိုင်ငံတကာပွဲစဉ်ကိုလည်း လွဲချော်ရဦးမှာ ဖြစ်ပါတယ်။

The Mirror ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ ကတ်စမဲရိုး ရဲ့ ကွင်းလယ်နေရာမှာ အစားထိုးဖို့ ဂျာအို ဂိုမက်စ် ကို မျက်စိကျနေတယ်လို့ ဆိုထားပြီး ဘရာဇီး ကွင်းလယ်လူကလည်း နာမည်ကြီး ထိပ်တန်းကစားသမားတွေ ခေါ်ယူဖို့ မစဉ်းစားချင်တဲ့ ရက်ကလစ်ဖ် အတွက် စိတ်ဝင်စားဖွယ် ဖြစ်နေပါတယ်။

Joao Gomes

Photo : Stretty News

ဝုလ်ဗ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဖလာမင်ဂိုအသင်းကနေ ပေါင် ၁၂ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ကွင်းလယ်ကစားသမားအတွက် ပြောင်းရွေ့ကြေး ပေါင် သန်း ၄၀ ဝန်းကျင် တောင်းခံသွားဖို့ အလိုရှိနေပါတယ်။

လူငယ်ခြေတက် ကစားသမားဖြစ်တဲ့ ဂျာအို ဂိုမက်စ် ကို ခေါ်ယူဖို့ တော့တင်ဟမ်ဟော့စပါးနဲ့ နယူးကာဆယ်အသင်းတွေကလည်း စိတ်ဝင်စားနေပြီး ဂိုမက်စ်ဟာ ဝုလ်ဗ်အသင်းအတွက် ဒီရာသီ ပွဲပေါင်း ၂၈ ပွဲမှာ သွင်းဂိုး ၂ ဂိုး စွမ်းဆောင်ပေးထားပါတယ်။

Featured Photo : Daily Mail