ပီအက်စ်ဂျီ အသင်းကတော့ ဒီနွေရာသီမှာ မန်ချက်စတာ ယူနိုက်တက်ကြယ်ပွင့် မားကပ်စ် ရက်ရှ်ဖို့ဒ် ကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။

Marcus Rashford

Photo : Goal.com

ပြင်သစ်ဘီလူးကြီးတွေဟာ ရက်ရှ်ဖို့ဒ် ကို ခေါ်ယူဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက ချိတ်ဆက်မှုတွေ ရှိခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက ရက်ရ်ှဖို့ဒ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာပဲ ဆက်နေဖို့ ရွေးချယ်ခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် ၃၅၀,၀၀၀ နဲ့ လာမယ့်၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိတဲ့ ကာလရှည် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းအနေနဲ့တော့ ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွေ့ဖို့များနေတဲ့ အသင်းခေါင်းဆောင် အမ်ဘာပေကို လက်လွှတ်ရတော့မှာ ဖြစ်တာကြောင့် အသင်းရဲ့ လစ်လပ်သွားမယ့် တိုက်စစ်ကွက်လပ်ကို ဖြည့်တင်းဖို့ ရက်ရှ်ဖို့ဒ်ကို ‌နောက်ထပ်တစ်ကြိမ် ထပ်မံကြိုးပမ်းသွားဖွယ် ရှိနေတာပါ။

အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ လာမယ့်ဇွန်လထဲမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဘက်က စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ထားကာ ရီးရဲလ်မက်ဒရစ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖွယ်ရှိနေတာ ဖြစ်ပါတယ်။

နည်းပြ လူးဝစ်အင်းနရစ်ရဲ့ ပီအက်စ်ဂျီ အသင်းဟာ ဘာပေနေရာမှာ အစားထိုးဖို့ လီဗာပူးတောင်ပံတိုက်စစ်မှူး လူးဝစ် ဒီယက်ဇ်ကို စဉ်းစားနေသလို တစ်ချိန်တည်းမှာပဲ ယူနိုက်တက်ကြယ်ပွင့် မားကပ်စ် ရက်ရှ်ဖို့ဒ် ကိုလည်း ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

Marcus Rashford

Photo : Goal.com

Mirror ရဲ့ ဖော်ပြချက်အရ ပြင်သစ်ဘီလူးကြီးတွေဟာ အင်္ဂလန်တိုက်စစ်မှူးအတွက် ပေါင် ၇၅ သန်းနဲ့ ကမ်းလှမ်းဖို့ အသင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ နွေရာသီကမှ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပေမယ့် ဒီနှစ်ဘောလုံးရာသီမှာ ပုံမှန်ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရသလို နည်းပြတန်ဟတ်နဲ့လည်း ပြဿနာလေးတွေ ရှိနေတဲ့အတွက် အိုးလ်ထရက်ဖို့ဒ်မှာ မပျော်တော့ဘူးဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ် ဟာ ဒီရာသီ မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ် ၂၇ ပွဲမှာ သွင်းဂိုး ၇ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။

Featured Photo : The Sun