ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ပြိုင်ဘက်ကစားသမား ဝဲလ်ဟုဂ်ျအပေါ် လည်ပင်းညှစ်သလို ဖြစ်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတဲ့ ယူနိုက်တက် ကွင်းလယ်လူ ကတ်စ်မဲရိုး ကို ဖမ်းဆီးအရေးယူသင့်တယ်လို့ ဘောလုံးသုံးသပ်သူ ဂါဘရီရယ် အဘွန်လဟော် က ပြောကြားလိုက်ပါတယ်။

ကတ်စ်မဲရိုး

Photo : talkSPORT

ကတ်စ်မဲရိုး ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွေ့မှာ ရီးရဲလ်မက်ဒရစ်အသင်းကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာပြီးကတည်းက သရဲနီတွေအတွက် ခြေစွမ်းပြနေခဲ့ပြီး နည်းပြတန်ဟက်အသင်းရဲ့ကွင်းလယ်မှာ အားထားရတဲ့ ကစားသမားအဖြစ် ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် တနင်္ဂနွေနေ့က အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်ဒုတိယပိုင်းမှာတော့ နှစ်ဖက်အသင်းကစားသမားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြတဲ့ ဖြစ်ရပ်အတွင်း ယူနိုက်တက်ကွင်းလယ်လူ ကတ်စ်မဲရိုးတစ်ယောက် အနီကတ်ပြသခြင်း ခံခဲ့ရပါတယ်။

အဆိုပါ ကွင်းလယ်ကစားသမားဟာ ပြိုင်ဘက်ကစားသမားအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ VAR စစ်ဆေးမှုအပြီးမှာ ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

ကတ်စ်မဲရိုး

Photo : SPORTbible

အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ အက်စတွန်ဗီလာ တိုက်စစ်ကစားသမားဟောင်း အဘွန်လဟော် ကတော့ ကတ်စ်မဲရိုးကို အနီကတ်ပြ ထုတ်ပယ်ရုံနဲ့ ကျေနပ်ပုံမပေါ်ပဲ ကွင်းလယ်ကစားသမားကို ဖမ်းဆီးအရေးယူသင့်တယ်လို့ TalkSport မှာ ဝေဖန်သုံးသပ်သွားခဲ့ပါတယ်။

” ကတ်စ်မဲရိုးက UFC မှာဆို သူ့ကိုယ်သူ Brock Lesnar လို့ ထင်နေပုံပဲ။ ဝဲလ်ဟုဂ်ျကို လည်ပင်းညှစ်တော့မယ်ပုံ ပြုလုပ်ခဲ့တဲ့ သူ့ကို ဖမ်းဆီးအရေးယူသင့်တယ်။ ကလေးတွေလည်း ဒီပွဲကိုကြည့်ပြီး ကတ်စ်မဲရိုး က ပြိုင်ဘက်ကို လည်ပင်းညှစ်နေတာ မြင်ရမယ်။ ဒါက အမေရိကမှာရှိတဲ့ ရေခဲပြင်ဟော်ကီကစားနည်း မဟုတ်ဘူး။ ဒါက ဘောလုံးအားကစားပါ။ ကျွန်တော်တို့ ဒါမျိုးတွေ မမြင်ချင်ပါဘူး။ ဒါကြောင့် ကတ်စ်မဲရိုးအနေနဲ့ ယူနိုက်တက်အသင်းရဲ့ စည်းကမ်းတွေကို လိုက်နာဖို့လိုတယ်” လို့ အဘွန်လဟော်က ပြောကြားသွားခဲ့ပါတယ်။

Featured Photo : Daily Mail