ယခုတပတ် Super Sunday ကတော့ ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားမှု အပြည့်အဝပေးစွမ်းမယ့် ပရီးမီးယားလိဂ်ပွဲကောင်းတစ်ပွဲက စောင့်ကြိုနေပါတယ်။ ဒါကတော့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်က ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပြိုင်ဘက်အသင်းဟောင်းကြီးတွေ ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ ထိပ်တိုက်တွေ့ ဆုံမယ့် ပွဲစဉ်ပါ။ ဒီပွဲကိုတော့ အာကြီး အိမ်ကွင်း အမ်းမရိတ်မှာ လက်ခံကစားသွားမှာ ဖြစ်ပြီး မန်ယူ နဲ့ ပထမအကျော့က ရှုံးကြွေး ကို ဂန်းနား တို့ အိမ်ကွင်းမှာ ပြန်ဆပ်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

မန်ယူ အာကြီး

Photo : The Independent

အာဆင်နယ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ် ၁၈ ပွဲ ကစားထားရာမှာ ၁၅ ပွဲနိုင် ၊ ၂ ပွဲ သရေကျ ၊ ၁ ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်းတွေနဲ့အတူ အမှတ်ပေးဇယားရဲ့ နံပါတ် ၁ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ အာကြီးရဲ့ တစ်ပွဲတည်းသော ရှုံးပွဲကလည်း မန်ယူအသင်းနဲ့ အဝေးကွင်းမှာတွေ့ဆုံတဲ့ ပအကျော့ပွဲစဉ်မှာ ဖြစ်ပြီး အိုးထရက်ဖိုဒ့်မှာ ၃-၁ ဂိုး ရလဒ်နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းဟာ ဒီရာသီမှာ နည်းပြအာတီတာလက်အောက် အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့အတူ ချန်ပီယံဆုအတွက် အလားအလာကောင်းတဲ့ အခြေအနေမှာ ရှိနေပြီး ရွှေနှစ်တစ်နှစ်ကို ပိုင်ဆိုင်ထား နိုင်နေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာလည်း မြို့ခံပြိုင်ဘက် အိမ်ရှင်စပါးအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဆင်ပျံကြီးတို့ကတော့နောက်ဆုံး ကစားထားတဲ့ ၅ ပွဲမှာ ၁ ပွဲသရေ ၊ ၄ ပွဲ အနိုင်နဲ့ လက်ရှိ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ မန်ချက်စတာစီးတီးအသင်းကို ၈ မှတ် အသားစီး ရယူထားနိုင်ခဲ့ပါတယ်။

မန်ယူ အာကြီး

Photo : Sportskeeda

တစ်ဖက်မှာလည်း မန်ယူအသင်းက ဒီနှစ် ရာသီကို ၂ ပွဲဆက် အရှုံး ၊ ပေးဂိုး ၆ ဂိုးရလဒ်နဲ့အတူ အဆိုးရွားဆုံး အခြေအနေနဲ့ စတင်ခဲ့ရတယ်ဆိုပေမယ့် နောက်ပိုင်းမှာတော့ နည်းပြတန်ဟတ်ရဲ့ ကိုင်တွယ်မှုအောက်မှာ အသင်းရဲ့အတည်ငြိမ်ဆုံး အနေအထားတစ်ခုကို ပြန်လည်ဖော်ဆောင်လာနိုင်ခဲ့ပြီး တောက်လျောက် ဆိုသလို ရလဒ်ကောင်းတွေ ဆက်တိုက်ရရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ စိတ်ဓာတ်ပိုင်းရော ခြေစွမ်းပိုင်းမှာပါ သိသိသာသာ တိုးတက်ကောင်းမွန်လာတာကို စနေနေ့မှာ ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ ပရိသတ်တွေ မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ခါသီးတဲ့ပြိုင်ဘက် မန်စီးတီးကို ပအကျော့က ဂိုးပြတ်ရှုံးပွဲအတွက် အိမ်ကွင်းမှာ အကောင်းဆုံးခံစစ် ၊ သာလွန်တဲ့တန်ပြန်တိုက်စစ် ကစားပုံတွေနဲ့အတူ ၂-၁ ဂိုးရလဒ်နဲ့ ရှုံးကြွေး ပြန်ဆပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဘီအောင်ပွဲအပြီးမှာ သရဲနီတို့ဟာ မြို့ခံပြိုင်ဖက် ချန်ပီယံအသင်းနဲ့ ၁ မှတ်သာ ကွာဟတော့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အာကြီးနဲ့ ၉ မှတ် အကွာကို ရောက်ရှိလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မန်ယူ အာကြီး

Photo : Premium Times Nigeria

အကယ်၍ အာဆင်နယ်အသင်းသာ တနင်္ဂနွေနေ့ညမှာ ဒုတိယအကြိမ် ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ သရဲနီတို့နဲ့ ၆ မှတ်သာ ကွာတော့မှာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ နောက်ဆုံး ၅ ပွဲဆက်တိုက် အနိုင်ရရှိထားပြီး အဆိုပါပွဲစဉ်တွေအတွင်း ပေးဂိုး ၂ ဂိုးသာပေးထားရတာကြောင့် အိမ်ရှင်အာကြီးအသင်းအတွက် အသားစီးရတဲ့ အခြေအနေမှာ ရှိနေတယ်ဆိုပေမယ့်လည်း ပြင်းထန်တဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်လာမှာ သေချာပါတယ်။

မန်ယူနဲ့ အာကြီးတို့ရဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု (၅) ကြိမ်ကို ပြန်ကြည့်မယ်ဆိုရင်လည်း ၂ ပွဲစီနိုင် ၊ ၂ ပွဲစီရှုံးနဲ့ ၁ ပွဲသရေ ရလဒ်ထွက်ပေါ်ထားပါတယ်။ မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ကမ္ဘာဖလားနောက်ပိုင်း ခြေစွမ်းမှန်မှန်နဲ့ နိုင်ပွဲတွေ ဆက်တိုက်ရနေသလို အိမ်ရှင်အာဆင်နယ်အသင်းကလည်း အိမ်ကွင်းမှာ အကောင်းဆုံး ခြေစွမ်းတွေနဲ့ ရာနှုန်းပြည့် နိုင်ပွဲရရှိထားတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ခံစစ်ပိုင်းတိုးတက်လာမှုနဲ့အတူ တန်ပြန်တိုက်စစ်မှာ အားကောင်းလာသလို အာဆင်နယ်ရဲ့တိုက်စစ်မှာလည်း ဘရာဇီလက်ရွေးစင် ဂျီးဆပ်စ်နေရာမှာ အက်ဒီနကီးတီးယားတစ်ယောက် အကောင်းဆုံး ခြေစွမ်းပြနေပြီး ဒီပွဲမှာလည်း အင်္ဂလန်သားလေးရဲ့ ဦးဆောင်မှုနဲ့ ဂန်းနား တို့ ပွဲထွက်လာဦးမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီပွဲဟာ ပရိသတ်တွေ သေချာပေါက်စောင့်ကြည့်ရမယ့် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ယခုတပတ်ရဲ့အကောင်းဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။

မန်ယူ အာကြီး

Photo : Arsenal.com

အားကစားဝါသနာရှင် ကွီးပရိသတ်တွေရော ပရီးမီးယားလိဂ်ပွဲစဉ် (၂၁) အဖြစ် လာမယ့် ဇန်နဝါရီလ ၂၂ ရက် တနင်္ဂနွေနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်မှာ မန်ယူ ရဲ့ ရပ်တန့်မရ တဲ့ နိုင်ပွဲတွေကို အာကြီး တို့ ဒု့အကျော့မှာ ကောင်းကောင်းကြီး ရှုံးကြွေးပြန်ဆပ် အဆုံးသတ်ပစ်နိုင်မယ်လို့ ထင်ပါသလား ???

Featured Photo : The Sun