ချယ်လ်ဆီး အသင်းကတော့ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်သွားပြီးတဲ့နောက်ပိုင်း အန်ဇို ဖာနန်ဒက်ဇ် ၊ အန်ကွန်ကူ နဲ့ မူဒရစ်တို့လို mega signing ကြီးတွေ လုပ်ဆောင်ခဲ့သလို လူငယ် ကစားသမားတွေကိုလည်း အစုလိုက် အပြုံလိုက် ခေါ်ယူမှုတွေကိုလည်း လုပ်ဆောင်လာပါတယ်။ အခုလည်း အသက် (၂၀)သာ ရှိနေသေးတဲ့ ကစားသမားလေးကို ထပ်မံ ခေါ်ယူသွားဖို့ နီးစပ်လာခဲ့ပြန်ပြီပဲ ဖြစ်ပါတယ်။

Photo Credit : Transfermarket
ဒီကစားသမားလေးကတော့ အယ်လီယေ ဝါဟီပါ။ ပြင်သစ် လီဂူးဝမ်း ကလပ် မွန်ပယ်လီယာအသင်းရဲ့ ပြင်သစ် တိုက်စစ်မှူးလေး တစ်ဦးပါ။ မွန်ပယ်လီယာဆိုတာကလည်း ချယ်လ်ဆီး တိုက်စစ်မှူးဟောင်းကြီး ဂျရူးရဲ့ ကလပ်အသင်းဟောင်း ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဒီအသင်းက ပြင်သစ် ကစားသမားကောင်းတွေ ထွက်ပေါ်တတ်တဲ့ အသင်းလို့ ဆိုလိုချင်တာပါ။ အခုလည်း ဝါဟီက သူရဲ့ နောင်တော်ကြီး ဂျရူးရဲ့ လမ်းစဉ်အတိုင်း လန်ဒန်မြေဆီ ရောက်ရှိလာဖို့ကလည်း အတော်လေးကို နီးစပ်လာခဲ့ပါပြီ။

Photo Credit : DayFR Euro
ချယ်လ်ဆီး ရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်သူ ကန်တေ ကြီးပြင်းလာခဲ့ရာ ပဲရစ်မြို့ရဲ့ ဆင်ခြေဖုံးနေရာလေးမှာ မွေးဖွားခဲ့သူမို့ ကန်တေရဲ့ ညီငယ်လေးလို့ပါ နာမည်ပြောင် ရထားတဲ့ ဝါဟီက ဘောလုံး အရည်အသွေးကတော့ လုံးဝ ကောင်းမွန်သူဖြစ်ကြောင်း မနှစ်က ဘောလုံးရာသီမှာပဲ သွင်းဂိုးတွေနဲ့ သက်သေပြထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီ လီဂူးပြိုင်ပွဲမှာ ဝါဟီက (၁၉)ဂိုးအထိ သွင်းယူပြီး (၆)ဂိုးအထိ ဖန်တီးပေးထားကာ (၂၅)ဂိုးအထိ ပါဝင် ပတ်သက်ခဲ့ပါတယ်။ ဒါက အသက်(၂၀)သာ ရှိနေသေးပြီး မွန်ပယ်လီယာ အသင်းမျိုးမှာ ကစားနေရတဲ့ ကစားသမားတစ်ဦးအတွက် တကယ့်ကို လေးစားလောက်စရာ performances တွေပဲ ဖြစ်ပါတယ်။
Photo Credit : The Athletic
လက်ရှိမှာတော့ ဝါဟီက ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်လျက် ရှိနေပြီဖြစ်ပြီး ပိုချက်တီနိုရဲ့ ချယ်လ်ဆီး တိုက်စစ်မှာ ကစားသမားသစ် အန်ကွန်ကူ ဂျက်ဆန်တို့အပြင် စတာလင် ဘရိုဟာတို့လည်း ရှိနေတာကြောင့် ဝါဟီကိုပါ တိုက်စစ် အစုအဖွဲ့ထဲ ထပ်မံ ထည့်သွင်းသွားမလား ဒါမှမဟုတ် တော့်ဘိုလီတို့ ဝယ်ယူထားတဲ့ လီဂူးဝမ်း ကလပ် စထရာဘိုးအသင်းဆီကို အငှားချသွားမလားဆိုတာကတော့ စောင့်ကြည့်သွားရပါမယ်။
Featured Photo : The Sun
											
				
									
	
	
	
	
	